အောင်သပြေတိုးလ်ဂိတ်ကို ရွှေ့ပြောင်း ပေးဖို့အတွက် ဒေသခံတွေက ရှမ်းပြည်နယ်အစိုးရကို တင်ပြမည် - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

အောင်သပြေတိုးလ်ဂိတ်ကို ရွှေ့ပြောင်း ပေးဖို့အတွက် ဒေသခံတွေက ရှမ်းပြည်နယ်အစိုးရကို တင်ပြမည်

တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့မှာရှိတဲ့ အောင်သပြေ တိုးလ်ဂိတ်ကို တောင်ကြီးမြိုနယ် အစပ်မှာ ရွှေ့ပြောင်း ပေးနိုင်ဖို့အတွက် ဒေသခံတွေက ရှမ်းပြည်နယ်အစိုးရကို စုပေါင်းပြီး တင်ပြသွားဖို့ သဘောထားနဲ့ လက်မှတ်တွေ စုစည်းနေတယ်လို့ သိရပါတယ်။
.
အောင်သပြေ တိုးလ်ဂိတ်ကို ရွှေ့ပြောင်းပေးနိုင်ဖို့ ဆန္ဒရှိတဲ့ ဒေသခံတွေရဲ့ စာရင်းဟာ မတ်လ ၂၉ ရက်အထိ လူဦးရေ ၃၀၀၀ ကျော် ရှိနေပြီလို့လည်း သိရပါတယ်။
.

တိုးလ်ဂိတ် စ ဆောက်ကတည်းက မသင့်တော်ဘူး ရွှေ့ပေးပါလို့ ဒေသခံတွေက ၄ ကြိမ်တိတိ တင်ပြခဲ့ပြီးတဲ့နောက် သဘောတူညီချက် ၁၀ ချက် ရခဲ့ပြီး  ဂိတ်လည်း မရွှေ့၊  ဒေသခံ ကားတွေကိုလည်း နှစ် ၄၀ အခမဲ့ ဖြတ်သန်းခွင့် ပေးမယ်လို့ သဘောတူညီချက် ရခဲ့သော်လည်း ရှမ်းပြည်နယ်အစိုးရ အစည်းအဝေး ဆုံးဖြတ်ချက်အရ ဆိုပြီး လမ်း အသုံးပြုခ ပေးဆောင်ရမယ်ဆိုတာ သိကြောင်းနဲ့ ကားတွေလည်း များလာတာကြောင့် ဂိတ်ကို ရွှေ့မှပဲ အဆင်ပြေမှာ ဖြစ်တယ်လို့ တိုးလ်ဂိတ် ရွှေ့ပေးရေး အတွက် တောင်းဆိုဖို့ ဦးဆောင်မယ့် ဦးကျော်အေးက ဆိုပါတယ်။
.
ဧပြီလ ၁ ရက်ကနေ စတင်ပြီး အောင်သပြေ တိုးလ်ဂိတ်မှာ ရွှေညောင်နဲ့ အေးသာယာမြို့တွေက ဒေသခံ အိမ်စီး မော်တော်ယာဉ်တွေကို၂၄ နာရီအတွင်း လမ်းဖြတ်သန်း အသုံးပြုခ တစ်ကြိမ် ပေးဆောင်ဖို့နဲ့ ဒေသခံ စီးပွားရေး လုပ်ငန်းသုံး ယာဉ်တွေကို ၂၄ နာရီအတွင်း လမ်းဖြတ်သန်းအသုံးပြုခ ၂ ကြိမ် ပေးဆောင်စေဖို့ အတွက် ရှမ်းပြည်နယ်အစိုးရအဖွဲ့နဲ့ တောင်ပေါ်ဒေသ လမ်းဆောက်လုပ်ရေးကုမ္ပဏီ တာဝန်ရှိသူတွေက မတ်လ ၂၃ ရက်မှာ ညှိနှိုင်း ဆုံးဖြတ်ခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။
.
အဲဒီ အခြေအနေနဲ့ ပတ်သက်ပြီးတော့ အောင်သပြေ တိုးလ်ဂိတ်မှ ဦးမိုးမြတ်အောင်ကို ဆက်သွယ် မေးမြန်းရာမှာတော့  ဧပြီလ ၁ ရက်က စ ကောက်မယ့် အစီအစဉ်ကို ရောဂါ အခြေနေကြောင့် ရပ်ဆိုင်းထားပြီး ကျန်တာတွေကို အစိုးရအဖွဲ့က ဆုံးဖြတ်ပေးမှာ ဖြစ်တယ်လို့ ပြောဆိုခဲ့ပါတယ်။
.
တောင်ပေါ်ဒေသ လမ်းဆောက်လုပ်ရေးကုမ္ပဏီက တာဝန်ယူ ဆောင်ရွက်နေတဲ့ အောင်သပြေ တိုးလ်ဂိတ်ကို  တောင်ကြီးမြို့နယ်နဲ့ ကလောမြို့နယ် အစပ်မှာ ရွှေ့ပြောင်းပေးဖို့ ဒေသခံ ပြည်သူတွေက ဆန္ဒ ရှိနေကြတာ ဖြစ်ပြီး ရှမ်းပြည်နယ်အစိုးရအဖွဲ့ကို တောင်းဆို တင်ပြဖို့ အရေးပေါ် စီစဉ်နေတာ ဖြစ်ပါတယ်။
.
မိတ္ထီလာ - တောင်ကြီး - ကျိုင်းတုံ - တာချီလိတ်လမ်းရဲ့ အစိတ်အပိုင်း ဖြစ်တဲ့ ကလော - တောင်ကြီးလမ်းပိုင်းကို ၄၈ ပေအကျယ် ၂ လမ်းမောင်း(၄ လမ်းသွား) ကတ္တရာကွန်ကရစ် AC လမ်းကို တောင်ပေါ်ဒေသ လမ်းဆောက်လုပ်ရေး ကုမ္ပဏီလီမိတက်က အဆင့် မြှင့်တင်ခဲ့တာ ဖြစ်ပြီး ကလော - တောင်ကြီးလမ်းအရှည် ၄၅ မိုင်အတွက် စုစုပေါင်း ကုန်ကျငွေ ၇၆ ဒသမ ၅ ဘီလီယံ ရှိကာ လမ်းအသုံးပြုခ ကောက်ခံတာကို ကလော- အောင်ပန်းကြားနဲ့ ရွှေညောင်မြို့၊ အောင်သပြေ ရပ်ကွက်တို့မှာ တိုးလ်ဂိတ် ၂ ခု ဖွင့်လှစ်ပြီး ကောက်ခံနေတာ ဖြစ်ပါတယ်။

Journal Download

Photo of three cats