အောင်ဆန်းဝင်း
.
.
.
နည်းပညာရှေ့တန်းရောက်နေတဲ့ နိုင်ငံမှာနေထိုင်သူတွေက နည်းပညာတွေ ထပ်ဆင့်မြင့်မားလာဖို့အတွက် ရလာတဲ့အချိန်မှာ စာအုပ်စာပေတွေ ဖတ်ရင်းနဲ့ အချိန်တွေကိုအသုံးချကြတယ်။
ဘာလုပ်လို့ဘာကိုင်ရမှန်းမသိတော့ဘူး။ ဘယ်မှလည်းသွားစရာမရှိဘူး။
တစ်နေ့တစ်နေ့ အိမ်ထဲမှာနေပြီး ဖုန်းပွတ်လိုက် ရုပ်ရှင်ကြည့်လိုက်နဲ့ ကြာရင်မျက်လုံးတွေလည်း
ပါဝါတက်တော့မယ်။ လုပ်စရာမရှိတော့ ကြံဖန်ရှာကြံပြီး မိသားစုတွေ အိမ်သန့်ရှင်းရေး ဝိုင်းလုပ်ကြတယ်။
နှစ်ပေါက်အောင် မေ့မေ့ပျောက်ပျောက်ထားတဲ့ အမှိုက်တွေဆိုတော့ အားရပါးရ ရှင်းကြရတာပေါ့။
ဒါလည်း ဘာကြာလို့တုန်း။ အလုပ်မရှိအကိုင်မရှိတွေ ဝိုင်းရှင်းလိုက်ကြတာ နှစ်ရက်လောက်နဲ့
ကိစ္စပြတ်သွားရော။ ဒါနဲ့ ဘာလုပ်ရမလည်း မိသားစုတွေ ထပ်တိုင်ပင်တော့ အွန်လိုင်းပေါ်က
အစားအသောက် လုပ်နည်းတွေ သွားတွေ့တယ်။ ခေတ်စကားနဲ့ပြောရရင် ဖိုက်တင်ပေါ့။ တစ်နေ့တစ်မျိုး
မရိုးရအောင် တက်ညီလက်ညီ လုပ်စားလိုက်ကြတာ စုစုဆောင်းဆောင်းရိက္ခာလေးတွေ အတော်ကြီးအထိနာလာတယ်။
ကျွန်တော်တို့အဖွဲ့ကတော့ကိုယ့်အိမ်မှာကိုယ်နေပြီးအဖွဲ့လိုက်
PUBG ချတယ်။ တချို့ကောင်တွေကတော့ Mobile Legend ဆော့ကြတယ်။ အရင်တုန်းကတော့ အချိန်ပိုင်းလေး ဆော့ကြတာဆိုတော့ သိပ်ပြဿနာမရှိဘူး။ အခုကြတော့ အပြင်မထွက်ဘဲ နေ့တိုင်းလိုလို ဒီဂိမ်းတွေဆော့ရတာ ညည်းငွေ့လာတယ်။ အိမ်ထဲကအိမ်ပြင်ထွက်ဖို့ အခက်အခဲလည်း ရှိတော့ ဂိမ်းမှမဆော့ရင် ဘာလုပ်ရမှန်းလည်းမသိတော့ဘူး။ အရင်တုန်းက အလုပ်ရှိတဲ့အတွက် မနက်ဆို အလုပ်ဆင်းတယ်။ အားတဲ့ချိန် အလုပ်သိမ်းချိန်လေးမှာ ဘော်ဒါတွေစုပြီး လက်ဖက်ရည်ဆိုင်ထိုင်တယ်။ လူစုပြီး ဂိမ်းဆော့ကြတယ်။ အခုက လူစုလို့လည်းမရဘူး။ သွားထိုင်စရာဆိုင်လည်းမရှိတော့ဘူး။ လောလောဆယ်တော့ ဆက်သွယ်ရေးအော်ပရေတာတွေကပေးတဲ့ အပိုလက်ဆောင်ဒေတာအစီအစဉ်တွေနဲ့ ဂိမ်းဆော့ရင်း အိမ်ထဲမှာပဲ နေရဦးမယ်ထင်တယ်။
.
အိမ်ထဲမှာနေရတဲ့အချိန် ကြာလာတော့ ပျင်းလာတယ်။ ခက်တာက သွားစရာနေရာလည်းမရှိဘူး။ အရင်လို သူငယ်ချင်းတွေ အိမ်သွားလည်မယ်ဆိုလည်း အဆင်မပြေဘူး။ ခုချိန် သူငယ်ချင်းအိမ်သွားလည်မယ်ဆိုရင်တောင် အရိုက်ခံရမယ့်အတိုင်း ဖြစ်နေတယ်။ ဒီဗိုင်းရပ်စ်နဲ့ပတ်သက်ပြီး ကိုယ့်လည်းသူကမယုံ၊ ကိုယ်ကလည်းသူ့ကိုယုံလို့မရတဲ့ အခြေအနေမျိုး။ ရောဂါက ဘယ်နေရာကနေ အတောင်ပေါက်ပြီး ရောက်လာမယ်ဆိုတာမသိတော့ ဟိုနေရာဒီနေရာ ဘယ်သွားသွား မယုံရတဲ့အနေအထား။ နေ့တိုင်းလက်ဆေးတဲ့ အကြိမ်ရေများတော့ လက္ခဏာတွေလည်း
ပျောက်သလောက်တောင် ဖြစ်တော့မယ်ထင်တယ်။ ဒီရောဂါကြီး အရှင်းပျောက်တဲ့နေ့ကျရင် အရင်ဆုံး
အလုပ်လက်မဲ့ဖြစ်မှာက လက္ခဏာဆရာတွေ။ ဟုတ်တယ်လေ။ လူတိုင်းဒီလောက် လက်တွေဆေးကြတာ လက္ခဏာတွေ
ပျောက်ကုန်ရောပေါ့။
.
မြန်မာနိုင်ငံအပါအဝင် ကမ္ဘာတစ်ဝှမ်းမှာ
ကိုဗစ် ၁၉ ဆိုတဲ့ ကပ်ရောဂါဆိုးကြီး ဖြစ်ပွားနေတယ်။ ဘယ်အပေါက်ကနေ
ဆိုက်ဆိုက်မြိုက်မြိုက် ရောက်လာမယ်မှန်းမသိတဲ့ရောဂါ ကာကွယ်ဖို့ အကောင်းဆုံးနည်းလမ်းက
အိမ်တွင်းပုန်းခြင်း။ သင်္ကြန်ချိန်ခါရောက်တိုင်း လူပျိုပေါက် လူပျိုသိုးတွေ အော်တဲ့အသံတစ်ခု
မှတ်မိကြမယ်ထင်ပါတယ်။ အိမ်တွင်းပုန်းတဲ့ အပျိုတွေ မုဆိုးဖိုနဲ့ညားပါစေသားတဲ့။ တိတ်တဆိတ်နဲ့
လက်ပြနှုတ်ဆက်သွားတဲ့ သင်္ကြန်ကတော့ အပျိုတွေတင်မက တစ်နိုင်ငံလုံးရှိရှိသမျှလူတိုင်း
အိမ်တွင်းပုန်းတွေဖြစ်လို့။ ကိုဗစ်က အတော်ဖြစ်နေတော့ အိမ်တွင်းပုန်း မလုပ်လို့လည်း
မရ။ ကိုယ့်ဝပ်ကျင်းကိုယ်ဥနေတာတောင် အခန့်မသင့်ရင် ကိုဗစ်က ခြေထောက်ပေါက် ရောက်လာနိုင်တယ်လို့
ပြောကြတယ်။ အဲဒီတော့ လက္ခဏာဆရာ အလုပ်ပြုတ်အောင် လက်နာနာဆေးရင်း အိမ်ထဲမှာ နေကြရတာပေါ့။
.
အိမ်ထဲနေတာတောင် ရောဂါကာကွယ်တဲ့အနေနဲ့ တစ်ဦးနဲ့တစ်ယောက်
ခပ်ခွာခွာနေကြရမယ်လို့ ဆိုတယ်။ ဒီညွှန်ကြားချက် ထိထိရောက်ရောက် လိုက်နာဖို့ လက်ရှိမြန်မာ့လူဘောင်အဖွဲ့အစည်းအတွက်
သိပ်ပြဿနာမရှိဘူး။ လက်ကိုင်တယ်လီဖုန်းတွေ ပေါ်ပြီးသိပ်မကြာခင်မှာပဲ မိသားစုဝင်တွေ၊
ညီရင်းအစ်ကိုမောင်နှမတွေ စည်းလုံးညီညွတ်မှု ပြိုကွဲကုန်တာ ပကတိအရှိတရား။ အရင်တုန်းက
ရုပ်မြင်သံကြားကနေ ဇာတ်ကားကောင်းတစ်ကား လာရင်ဖြစ်ဖြစ်၊ အခွေဆိုင်က ကားသစ်တစ်ကား ငှားလာရင်ဖြစ်ဖြစ်
မိသားစုဝင်တွေ တစ်အုံတစ်မကြီး ဝိုင်းထိုင်ကြည့်ကြတယ်။ အခုကတော့ ကိစ္စတုန်းသွားပြီ။
ဘယ်မိသားစုမှ ရုပ်မြင်သံကြားရှေ့ စည်းစည်းလုံးလုံးထိုင်တာ မရှိတော့ဘူး။ ချောင်ပေါင်းစုံ
ထောင့်ပေါင်းစုံမှာ ကိုယ့်အပြားကိုယ့်ပွတ်ပြီး (တယ်လီဖုန်း) တေမိ ဇာတ်ခင်းကြတာ တရားစခန်းနဲ့
အမှတ်မှားမှာတောင် စိုးရတယ်။
.
အိမ်တွင်းပုန်းလုပ်ကြရင်း အွန်လိုင်းပေါ်က
အစားအသောက်နည်းမျိုးစုံ လက်တည့်စမ်းကြတာ ရိက္ခာတွေ ပွန်းလာ တယ်လို့ ပြောကြတယ်။ အလကားမတ်တင်းရတဲ့
ဒေတာတွေနဲ့ ဂိမ်းတွေဆော့ရတာ ညည်းငွေ့တယ်လို့ ဆိုတယ်။ သွားစရာလာစရာမရှိလို့
နေမထိထိုင်မသာဖြစ်ကြတယ်။ ဖုန်းတစ်ပြားနဲ့ တွေ့ကရာလူကို အပျင်းပြေ စစ်တမ်းကောက် ကြည့်တာ
စာအုပ်စာပေဖတ်တဲ့ရာခိုင်နှုန်း မရှိသလောက်။ စာဖတ်ခြင်းသည် တိုင်းပြည်တိုးတက်ရေးအတွက်
လွန်စွာ အထောက်အကူပြုသောအရာတစ်ခုဖြစ်သည်လို့ အရပ်ပညာရှိကြီးတစ်ယောက်က မိန့်ဖူးတယ်။
လှောင်ထားသမျှ ရိက္ခာတွေ မပွန်းအောင်၊ မျက်လုံးတွေ ပါဝါမတက်အောင်၊ နေရာမျိုးစုံကို
တစ်ထိုင်တည်းရောက်ဖူးအောင် အကောင်းဆုံးလုပ်နိုင်တာ စာဖတ်ခြင်း။ သူ့အလိုလို ရပ်ထားခွင့်ရထားတဲ့အချိန်မှာ
မြန်မာပြည်သူတွေ စာဖတ်ဖို့ မေ့နေကြတာ အံ့ဩစရာ။
.
နှစ်ဆန်းတစ်ရက် ည ၁၁ နာရီလောက် ထူးခြားသတင်းရှိမလားဆိုပြီး
အများသူငှာလို အွန်လိုင်းပေါ်တက် လမ်းသလားတုန်း အမေရိကန်နိုင်ငံရောက်နေတဲ့ သူငယ်ချင်းက
မက်ဆင်ဂျာကနေ ဖုန်းခေါ်လာတယ်။ ဒီကောင်နဲ့က ငယ်ငယ်တည်းက ကျောင်းနေဘက်။ ပိုက်ကျော်ခြင်း
ခတ်တော့လည်း တစ်သင်းတည်းခတ်ဖြစ်တာများတယ်။ အခုဒီကောင် အမေရိကန်ရောက်တာ ၁၀ နှစ်ကျော်လောက်တောင်ရှိပြီ။
ပြောဖြစ်တဲ့အကြောင်းအရာက လက်ရှိ ကမ္ဘာတစ်ဝှမ်းလုံး ဖြစ်ပွားနေတဲ့ ကိုဗစ်အကြောင်း။ သူရောက်နေတဲ့နိုင်ငံ
သူနေထိုင်တဲ့မြို့က လူတွေအကြောင်း ပြောတယ်။ သူ့မိခင် မြန်မာနိုင်ငံရဲ့ အခြေအနေကိုလည်း
စိုးရိမ်စိတ်နဲ့ မေးတယ်။ မြန်မာနိုင်ငံရဲ့ အခြေအနေက အဆိုးကြီးမဟုတ်တဲ့အကြောင်း ပြောရတယ်။
သူနေတဲ့ အမေရိကန်နိုင်ငံက ရောဂါဖြစ်ပွားမှု များတဲ့အတွက် ဂရုစိုက်ဖို့ အကြံပြုလိုက်တယ်။
.
သူနေတဲ့မြို့က လူတွေအားလုံးနီးပါး အိမ်တွင်းပုန်းပဲနေကြတယ်လို့
ပြောတယ်။ လိုအပ်တဲ့ အစားအသောက်အတွက် တယ်လီဖုန်းဆက် မှာလို့ရတယ်။ အွန်လိုင်းရှော့ပင်းတွေကနေလည်း
မှာလို့ရတယ်။ ငွေကြေးအတွက် မိုဘိုင်းဖုန်းတွေ အသုံးပြုကြတယ်။ တချို့တွေက အိမ်တိုင်ရာရောက်
ပို့ဆောင်ပေးတဲ့အတွက် အိမ်ပေါက်ဝမှာ ပစ္စည်းယူ ငွေရှင်း လုပ်ကြတယ်ပေါ့။ အပြင်မထွက်ဘဲ
နေရတဲ့အချိန်တွေမှာ မိသားစုဝင်တွေ ဘယ်လိုဖြတ်ကျော်လည်း မေးကြည့် မိတယ်။ ကျန်းမာရေးအတွက်
လေ့ကျင့်ခန်းလုပ်တယ်။ ထူးခြားဖြစ်စဉ်တွေသိဖို့အတွက် ရုပ်မြင်သံကြားသတင်းတွေ ကြည့်ကြတယ်။
ကျန်တဲ့အချိန် ကတော့ အမျိုးအစားစုံတဲ့ စာအုပ်တွေဖတ်ရင်း အချိန်ကုန်ကြတယ်လို့ပြောတယ်။
သူတို့မြို့မှာ နေထိုင်သူအားလုံးနီးပါး စာအုပ်ဖတ်ရင်း အချိန်ကုန်တာ များတယ်လို့ဆက်ပြောပါတယ်။
.
နည်းပညာရှေ့တန်းရောက်နေတဲ့ နိုင်ငံမှာနေထိုင်သူတွေက
နည်းပညာတွေ ထပ်ဆင့်မြင့်မားလာဖို့အတွက် ရလာတဲ့အချိန်မှာ စာအုပ်စာပေတွေ ဖတ်ရင်းနဲ့ အချိန်တွေကိုအသုံးချကြတယ်။
လက်ရှိကမ္ဘာတစ်ဝှမ်း အသုံးပြုနေတဲ့ နည်းပညာတွေဟာ စာအုပ်စာပေတွေက မြစ်ဖျားခံစီးဆင်းလာတာ
ဖြစ်ပါတယ်။ နည်းပညာရှေ့တန်းရောက် မြင့်မားတဲ့ နိုင်ငံတွေမှာ အခုချိန်ထိ စာကြည့်တိုက်ကြီးတွေ
ရှိသလို စာပေဖတ်ရှုသူတွေလည်း များပြားနေဆဲဖြစ်ပါတယ်။
.
ကမ္ဘာတစ်ဝှမ်းလုံး ကိုရိုနာဗိုင်းရပ်စ်ကူး
စက်မှုဖြစ်ပွားလို့ အိမ်တွင်းပုန်းလုပ်ရတဲ့အချိန်မျိုးမှာ စာအုပ်ဖတ်ရှုသူ များလာတယ်လို့
အမေရိကန်ရောက် သူငယ်ချင်းက ပြောတယ်။ ပညာရပ်တစ်ခုကို လေ့လာချင်တာ ဖြစ်ဖြစ်၊ ကိုယ်အမှန်တကယ်
ဖတ်ချင်နေတဲ့ စာအုပ်တွေကို လက်ကုန်ဖွင့်ဖို့အတွက် အကောင်းဆုံးအချိန်တစ်ခု ဖြစ်တယ်လို့
ဆက်ပြောတယ်။
.
စာဖတ်ရှိန်မြှင့်တင်ရေးကွန်ရက် (ရှမ်းပြည်နယ်)
ဆိုတဲ့ခေါင်းစဉ်အောက်မှာ နိုင်သလောက်တာဝန်တချို့ယူပြီး စာဖတ်အား တက်လာဖို့ ကြိုးစားဆောင်ရွက်နေတာတွေရှိတယ်။
စာကြည့်တိုက်ပုံစံ ဖွင့်ထားတဲ့ စာအုပ်ဆိုင်လေးကိုလည်း ထမင်းအငတ်ခံပြီး ဆက်ဖွင့်နေပါသေးတယ်။
အိမ်တွင်းပုန်းကာလနဲ့ လက်ပြနှုတ်ဆက်သွားတဲ့ သင်္ကြန်ကာလအတွင်း စာအုပ်လာယူတဲ့ လူသစ်တိုးမလာတာ
အံ့ဩစရာတစ်ခု ပြောရမလား။ ခေတ်မီဖွံ့ဖြိုးတိုးတက်တဲ့ နိုင်ငံတော်ကြီးတစ်ခု တည်ဆောက်ဖို့အတွက်
စာအုပ်စာပေတွေ ဖတ်ရှုဖို့လည်း လိုအပ်ပါတယ်။ နည်းပညာမြင့်မားတဲ့ နိုင်ငံတော်ကြီးဖြစ်ဖို့အတွက်
စာအုပ်စာပေတွေ ဖတ်ရှုဖို့ လိုအပ်ပါတယ်။ ခွင့်သာခိုက်တုန်း အိမ်တွင်းပုန်းရင်း စာဖတ်ခြင်းနဲ့
ကိုဗစ်ကို ကာကွယ်နိုင်ကြပါစေကြောင်း ဆုမွန်ကောင်းတောင်းလိုက်ရပါတယ်။
..