မင်းဇော်မင်း
.
ရှမ်းပြည်နယ်တောင်ပိုင်း၊ အောင်ပန်းမြို့တွင်
ဧပြီလ ၂ ရက် ညနေပိုင်းက ဂျာမဏီနိုင်ငံသား တစ်ဦးကို ယာဉ် အရှိန်ပြင်းစွာ မောင်းနှင်မှုဖြင့်
ယာဉ်ထိန်းတပ်ဖွဲ့မှ ဖမ်းဆီးကာ အောင်ပန်းနယ်မြေရဲစခန်းတွင် ဧပြီလ ၃ ရက်၌ အမှုဖွင့်
အရေးယူထားကြောင်း သိရသည်။
.
“ အမြန် မောင်းတော့ လဲတယ်၊ ခြေထောက်မှာ နည်းနည်း
ပွန်းပဲ့သွားတာ၊ ဆေးရုံမှာ COVID-19 အတွက် အပူချိန်
တိုင်းပြီး ဆေးထည့်နေတာနဲ့ ဒီနေ့မှ ရဲစခန်းမှာ ယာဉ်အမြန်မောင်းမှုနဲ့ အမှု ဖွင့်ပါတယ်။”
ဟု အမှတ်(၁၁၅) ယာဉ်ထိန်း ရဲတပ်ဖွဲ့စုမှ
ရဲအုပ် အောင်မိုးသူက ပြောသည်။
.
ဆိုင်ကယ် တစ်စီးကို နိုင်ငံခြားသား တစ်ဦးမှ အရှိန် ပြင်းစွာ မောင်းနှင်နေကြောင်း သတင်းအရ
ယာဉ်ထိန်းတပ်ဖွဲ့ဝင်များက သွားရောက် ကြည့်ရှုရာ ၎င်းအား ဆိုင်ကယ် လဲလျက် ဝဲခြေသလုံး
ပွန်းပဲ့ဒဏ်ရာအနည်းငယ် ရရှိနေသည်ကို တွေ့ရသဖြင့် အောင်ပန်းဆေးရုံသို့ ပြသခဲ့ပြီးနောက်
အောင်ပန်း နယ်မြေရဲစခန်းတွင် ယာဉ် အမြန် မောင်းမှုဖြင့် အမှုဖွင့်ထားခြင်း ဖြစ်ကြောင်း
သိရသည်။
.
အဆိုပါ နိုင်ငံခြားသားမှာ ဂျာမဏီနိုင်ငံ၊ Friedrichroda မြို့တွင် နေထိုင်သည့် ဂျာမဏီနိုင်ငံသား
Ralf Peter ဖြစ်ပြီး E-VISA ဖြင့် မတ်လ ၁ ရက်မှ ၂၉ ရက်အထိ
မြန်မာနိုင်ငံတွင်း နေထိုင်ခွင့် ရယူထားသူ ဖြစ်ကာ ဆိုင်ကယ်ဖြင့် ပင်းတယဘက်မှ
အောင်ပန်းဘက်သို့ မောင်းနှင်လာစဉ် အောင်ပန်း-ပင်းတယသွား ကားလမ်း မိုင်တိုင်အမှတ် (400-5-Km) နှင့် (5 km) အကြား အရောက်တွင် ယာဉ်ကို အန္တရာယ် ဖြစ်အောင်
အရှိန်ဖြင့် မောင်းနှင်ခဲ့ခြင်း ဖြစ်ကြောင်း ရဲမှတ်တမ်းများအရ သိရသည်။
.
“ ခုက COVID-19 ရောဂါ အခြေအနေအရ ဗီဇာသက်တမ်း တိုးဖို့လည်း
မလွယ်သလို လေကြောင်း လိုင်းတွေကလည်း ပိတ်ထားတာ ဖြစ်ပါတယ်၊ သူ့ အမှုကို
ပြည်နယ်ရုံးကို တင်ပြထားပါတယ်။” ဟု ကလောမြို့နယ် လဝက ဦးစီးအရာရှိ ဦးကျော်ကျော်လွင်က
ပြောသည်။
.
ယင်း ဂျာမဏီနိုင်ငံသား Ralf Peter ကို ယာဉ်ထိန်းရဲတပ်ဖွဲ့၏
တိုင်တန်းချက်အရ အောင်ပန်းနယ်မြေရဲစခန်းမှ ယာဉ်(ပ) ၇၅/၂၀၂၀၊
မော်တော်ယာဉ် ဥပဒေပုဒ်မ ၅၈(က) ဖြင့် အမှုဖွင့်ကာ တရားစွဲတင်နိုင်ရေး စီစဉ်လျက် ရှိကြောင်း
သိရသည်။