အောင်ပန်းမြို့၊ မင်္ဂလာကန်လမ်းဆုံတွင် ဆိုင်ကယ် ၂ စီး တိုက်မိရာမှ ၂ ဦးဒဏ်ရာရ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

အောင်ပန်းမြို့၊ မင်္ဂလာကန်လမ်းဆုံတွင် ဆိုင်ကယ် ၂ စီး တိုက်မိရာမှ ၂ ဦးဒဏ်ရာရ


ခွန်သန်းအောင်
.
ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောမြို့နယ်၊ အောင်ပန်းမြို့၊ ရွာသစ်ရပ်ကွက်၊ မင်္ဂလာကန်လမ်းဆုံတွင် ယနေ့ ဧပြီလ ၂၁ ရက်၊ နံနက်ပိုင်းက ဆိုင်ကယ် ၂ စီး မျက်နှာချင်းဆိုင် တိုက်မိရာမှ အမျိုးသား တစ်ဦး၊ အမျိုးသမီးတစ်ဦး ဒဏ်ရာရရှိခဲ့ပြီး အမျိုးသမီးမှာ ဒဏ်ရာစိုးရိမ်ရကြောင်း သိရသည်။
.
 .
အောင်ပန်းမြို့၊ သရက်ပုကျေးရွာနေ ဦးအောင်ကြွင်း (၅၅ နှစ်) သည် ယနေ့ ဧပြီလ ၂၁ ရက်၊ နံနက် ၁၀ နာရီ ၄၅ မိနစ်ခန့်က TOYOBO-110 အမျိုးအစား နီ/နက်ကြား ဆိုင်ကယ်ဖြင့် ပြည်ထောင်စုလမ်းမကြီးအတိုင်း အောင်ပန်းဘက်မှ ဟဲဟိုးဘက်သို့ မောင်းနှင်လာစဉ် အောင်ပန်းမြို့၊ ရွာသစ်ရပ်ကွက်၊ မင်္ဂလာကန်လမ်းဆုံ အရောက်တွင် မျက်နှာချင်းဆိုင် မှ ကလောမြို့နယ်၊ ပင်မှီကျေးရွာအုပ်စု၊ မွေတော်ကျေးရွာနေ ယာဉ်မောင်း အောင်မျိုးအေး (၁၈ နှစ်) မောင်းနှင်ပြီး နောက်တွင် ဒေါ်သန်းနု (၄၂ နှစ်) လိုက်ပါစီးနင်းလာသော LOUJIA-125 အမျိုးအစား အနက်ရောင်ဆိုင်ကယ်သည် တစ်ဘက်ယာဉ်ကြောမရှင်းဘဲ ချိုးကွေ့စဉ် ဆိုင်ကယ် ၂ စီး တိုက်မိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
.
အဆိုပါ ယာဉ်တိုက်မှုကြောင့် ဦးအောင်ကြွင်းတွင် အောက်နှုတ်ခမ်း ပေါက်ပြဲဒဏ်ရာ၊ ဝဲဘက်ဒူး ဖူးယောင်ဒဏ်ရာ၊ ဝဲဘက်ခြေမ ပေါက်ပြဲဒဏ်ရာများ ရရှိခဲ့ပြီး ဒေါ်သန်းနုတွင် နှာခေါင်းသွေးထွက်ဒဏ်ရာ၊ ယာဘက်ပါး ပွန်းပဲ့ဒဏ်ရာများ ရရှိ၍ စိုးရိမ်ရကာ အောင်မျိုးအေးတွင် ဒဏ်ရာတစ်စုံတစ်ရာ ရရှိခြင်းမရှိကြောင်း သိရသည်။
.
ယာဉ်တိုက်မှုမှ ဒဏ်ရာရရှိသူများအား နံနက် ၁၁ နာရီခွဲခန့်တွင် အောင်ပန်းတိုက်နယ်ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ပြီး ယာဉ်မဆင်မခြင်မောင်းနှင်၍ အခြားယာဉ်အား ဝင်ရောက်တိုက်မိပြီး အခြားသူများအား ဒဏ်ရာရရှိစေသူ အောင်မျိုးအေး အား အောင်ပန်းနယ်မြေရဲစခန်းတွင် ယာဉ် (ပ) ၂၈/၂၀၂၀၊ ရာဇသတ်ကြီးဥပဒေပုဒ်မ ၂၇၉/၃၃၇/၃၃၈ ဖြင့် အမှုဖွင့်စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
.

Journal Download

Photo of three cats