ရှမ်းပြည်နယ်ဝန်ကြီး ဦးစိုးညွန့်လွင်က COVID-19 Pandemic အတွက် တစ်နှစ်စာ လစာကို လှူဒါန်း - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

ရှမ်းပြည်နယ်ဝန်ကြီး ဦးစိုးညွန့်လွင်က COVID-19 Pandemic အတွက် တစ်နှစ်စာ လစာကို လှူဒါန်း


ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ဖြစ်သည့် ပြည်နယ် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးစိုးညွန့်လွင်သည် ၎င်း၏ တစ်နှစ်စာ လစာငွေ ဖြစ်သော ငွေကျပ်သိန်း ၁၅၀ ကို COVID-19 Pandemic အတွက် ရှမ်းပြည်နယ် ပြည်သူလူထု စားနပ်ရိက္ခာ ထောက်ပံ့ရေးကော်မတီသို့ လှူဒါန်းခဲ့ကြောင်း သိရသည်။
.
“ ဒီ အခြေအနေက နောက်ထပ်လည်း ဘယ်လောက် ကြာမယ်ဆိုတာ ခန့်မှန်းရ ခက်တယ်။ ကျွန်တော်တို့က ပြည်သူတွေ အိမ်ထဲမှာ နေပါလို့ ပြောတဲ့အခါ၊ တကယ်လို့ အလုပ်အကိုင် အခွင့်အလမ်းတွေက အဆင်မပြေဘူးဆိုရင် ပြည်သူတွေ စားဝတ်နေရေးအတွက် အရေးကြီးတော့ ကျွန်တော့်ရဲ့ လစာထဲက လှူလိုက်တာပါ၊ ဒီလစာ ဆိုတာကလည်း ပြည်သူက ပေးထားတဲ့ လစာပဲလေ။ အဓိက ရည်ရွယ်ချက်ကတော့ အဲဒါပါပဲ။” ဟု ဝန်ကြီး ဦးစိုးညွန့်လွင်က ကမ္ဘောဇတိုင်းသို့ ပြောသည်။
.
ရှမ်းပြည်နယ် ပြည်သူလူထု စားနပ်ရိက္ခာ ထောက်ပံ့ရေးကော်မတီ၏ နာယကများ အဖြစ် ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ လင်းထွဋ်၊ ကမ္ဘောဇအုပ်စု နာယက ဦးအောင်ကိုဝင်းနှင့်အတူ ဝန်ကြီး ဦးစိုးညွန့်လွင်မှလည်း တာဝန်ယူ ဆောင်ရွက်နေခြင်း ဖြစ်ပြီး ကော်မတီ၏ လုပ်ဆောင်ချက်မှာ ကောင်းမွန် အောင်မြင်နေသည့် အတွက် အဆက်မပြတ် လှူဒါန်း ထောက်ပံ့မှုများ ပြုလုပ်နိုင်ရန်အတွက် အလှူငွေကို လှူဒါန်းရခြင်း ဖြစ်ကြောင်း ဦးစိုးညွန့်လွင်က ဆက်လက် ပြောကြားသည်။
.

ဝန်ကြီး၏ အလှူငွေများမှာ ၎င်း၏ အစိုးရဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်ရန် ကျန်ရှိသည့် သက်တမ်းအတွက် လစာငွေများကို ပြည်သူ့အတွက် လှူဒါန်းခြင်း ဖြစ်ပြီး အလှူငွေများအား ရှမ်းပြည်နယ် ပြည်သူလူထု စားနပ်ရိက္ခာ ထောက်ပံ့ရေးကော်မတီ ဒုဥက္ကဌ(၂) ဦးသူရစောသိန်းက စိုက်ထုတ် လှူဒါန်းပေးမည် ဖြစ်ကာ လစဉ် ရရှိသည့် လစာငွေများမှ အရစ်ကျစနစ်ဖြင့် ပြန်လည် ပေးဆပ်သွားမည် ဖြစ်ကြောင်း သိရသည်။
.
ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် ပြည်နယ် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးစိုးညွန့်လွင်သည် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ပါတီဝင် တစ်ဦး ဖြစ်ပြီး ၂၀၁၅ ခုနှစ် အထွေထွေ ရွေးကောက်ပွဲတွင် ကလောမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁)မှ ရှမ်းပြည်နယ်လွှတ်တော် ကိုယ်စားလှယ်အဖြစ် ရွေးကောက်တင်မြှောက်ခံရပြီးနောက် ပြည်နယ် ဝန်ကြီးအဖြစ် တာဝန်ပေးအပ်ခံရသူ ဖြစ်ကာ ၎င်းသည် ကိုယ်ပိုင် စီးပွားရေးလုပ်ငန်း အဖြစ် ဟိန်းမြန်မာ ကိုယ်ပိုင်အထက်တန်းကျောင်း (အောင်ပန်း) ဖွင့်လှစ်၍ ကျူရှင်ဆရာ၊ စာရေးဆရာအဖြစ် လုပ်ကိုင်နေသူ ဖြစ်ကြောင်း သိရသည်။

Journal Download

Photo of three cats