.
ရှမ်းပြည်နယ်ရဲ့ မြို့တော် တောင်ကြီးမြို့ရဲ့ အထင်ကရ နေရာဖြစ်တဲ့ တောင်ချွန်းသွားရာ အတက်လမ်းမှာ လမ်း ဖောက်လုပ်တာနဲ့ ပတ်သက်ပြီး သစ်တောဦးစီးဌာနက အသေးစိတ် စိစစ်မှုတွေ ပြုလုပ်နေတယ်လို့ သိရပါတယ်။
.
ဒီလို လမ်းဖောက်လုပ်တာနဲ့ ပတ်သက်ပြီး ဧပြီလ ၅ ရက် မနက်ပိုင်းက မြို့နယ်မှူး သွား ကြည့်ပြီး သစ်တောနယ်မြေ ဖြစ်နေရင် ဒီကိစ္စတွေကို ရပ်ဆိုင်းထားပေးဖို့ တရားဝင် ဆောင်ရွက်ခွင့် ရမှသာ ဆောင်ရွက်ပါလို့ ညှိနှိုင်း လာတဲ့ ပေါ်မှာ သဘောတူပြီးတော့ ဆက် မလုပ်တော့ကြောင်းနဲ့ ဒါကို အသေးစိတ် ဥပဒေနဲ့ အညီ ဆောင်ရွက်နိုင်ဖို့ ပြုလုပ်သွားမှာလို့ ရှမ်းပြည်နယ်သစ်တော ဦးစီးဌာန ညွှန်ကြားရေးမှူး ဦးခင်မောင်ဝင်းက ပြောပါတယ်။
.
ဒါ့အပြင် တောင်ကြီးမြို့နယ် အုပ်ချုပ်ရေးမှူး ဦးဖြိုးမင်းထိုက်ကလည်း ခွင့်ပြုထားတာ မရှိဘဲ အဲ့ဒီနေရာဟာ သစ်တော နဲ့ တပ်ဧရိယာ ဖြစ်ကြောင်းနဲ့ အဲ့ဒါနဲ့ ပတ်သက်ပြီး မသိသေးကြောင်းနဲ့ တင်ပြထားတာလည်း မရှိသေးကြောင်း ပြောဆိုခဲ့ပါတယ်။
.
အဲ့ဒီ လမ်းနေရာ ဖောက်လုပ်နေတဲ့ နေရာဟာ တောင်ကြီးမြို့ရဲ့ ရေဝေရေလဲ နေရာ ဖြစ်တာကြောင့် ထိန်းသိမ်းဖို့ လိုအပ်တဲ့ နေရာ ဖြစ်ပြီး လမ်း ဖောက်တာ ၊ သစ်ပင် ခုတ်တာ ၊ မီးရှို့ တာ ၊ တောရှင်းတာ ၊ထပ်တိုး ဘုရားတည်တာတွေ ကို ဒေသခံတွေက မလိုအပ်ဘဲ ကန့်ကွက်မှုတွေ ရှိနေပြီး ဘယ်သူ့ ခွင့်ပြုချက် နဲ့ လုပ်နေတယ်ဆိုတာကိုလည်း သိချင်နေကြတယ် လို့ ရှင်သန်ကမ္ဘာမြေ အစိမ်းရောင်ကွန်ယက်က ဒေါ်ချယ်ရီကျော်က ပြောပါတယ်။
.
သုဿာန်အဓိဌာန် ဆရာတော်၊ ဝါတော် ၉ ဝါရှိ အရှင်ကေလာက ဦးဆောင်ပြီး ပြီးခဲ့တဲ့ ဇန်နဝါရီလ အတွင်းက စတင်ပြီး လုပ်ငန်း အစီအမံတွေကို စီစဉ်နေတာ ဖြစ်ပြီး တောင်ချွန်းမှာ ကျိုက်ထီးရိုးစေတီတော် ပုံတူ ဘုရားကို ၇၅ ပေ ပတ်လည်၊ အမြင့် ၂၄ ပေနဲ့ တည်မယ့် အပြင် ရွှေဘုန်းပွင့် စေတီတော်နဲ့ တောင်ချွန်းအား ပေ ၂၀၀၀ ကျော်ခန့် အရှည်ရှိ မှန်တံတားနဲ့ ကေဘယ်လ် ရထားကိုပါ တည်ဆောက်ဖို့ စီစဉ်နေတာ ဖြစ်ပြီး အဲ့ဒီ အစီအစဉ်တွေကို ဂျပန်နိုင်ငံက လုပ်ငန်းရှင် တစ်ဦးရဲ့ ရင်းနှီး မြှုပ်နှံမှုနဲ့ ဆောင်ရွက်ဖို့ စီစဉ်နေတာ ဖြစ်တယ်လို့ သိရပါတယ်။
.
တောင်ချွန်းဟာ တောင်ကြီးမြို့ရဲ့ အထင်ကရနေရာ တစ်ခု ဖြစ်တဲ့ အပြင် မြို့တော်ရဲ့ အရှေ့ဘက် တောင်ကြောမှာ အမြင့်ဆုံးနေရာ ဖြစ်ပြီး ပင်လယ်ရေ မျက်နှာပြင်အထက် ၅၇၅၅ ပေမှာ တည်ရှိပြီး တောင်တန်း တစ်လျှောက်မှာ တောင်ပေါ် တောစိမ်းသစ်တော၊ တောခြောက်သစ်တော၊ ထင်းရှူးတောတွေ ပေါက်ရောက် ရှင်သန်ပြီး သစ်တောပြုန်းတီးမှု မရှိစေဖို့ အတွက် ကြိုးဝိုင်း/ကြိုးပြင် သစ်တောတွေ တိုးမြှင့်ထိန်းသိမ်းစောင့်ရှောက်တာ ၊ မိုးရာသီ သစ်ပင် စိုက်ပျိုးပွဲတော်တွေ ပြုလုပ်တာတွေကို ဆောင်ရွက်နေတာ ရှိတယ်လို့အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရဲ့ ဒေသဆိုင်ရာ အချက်အလက်တွေမှာ ဖော်ပြထားပါတယ်။