.
“ ဒီနေ့က နှစ်သစ်လေ နှစ်ဆန်းဆိုတော့ ပုံမှန်က ဘုန်းကြီးကျောင်းတက် အလှူ လုပ်ကြတယ်လေ။
ဒီနှစ်က ထူးခြားချက်ပေါ့။ ပြည်သူအတွက် အလှူ လုပ်ရတာပေါ့ ကြုံကြိုက်တုန်းပေါ့ဗျာ။
လကုန်ရက် လစာ ထုတ်တာနဲ့ ခွဲပြီး လှူသွားမှာပါ။ စိတ်ကူးအရပေါ့ဗျာ ကပ်သုံးပါး ကျော်လွှားနိုင်ဖို့
ရတနာသုံးပါးကို ဦးထိပ်ထားပြီးတော့ မွေးမိဘ နှစ်ဘက်မိဘကို အမှူးပြုပြီးတော့
မိသားစုရဲ့နှစ်ဦး အလှူပေါ့ဗျာ။”ဟု ဝန်ကြီး ဦးစိုင်းရှဲန်တစ်လုံက ကမ္ဘောဇတိုင်းသို့
ပြောသည်။
.
ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ လျှပ်စစ် စွမ်းအင်နှင့် စက်မှုဝန်ကြီး ဦးစိုင်းရှဲန်တစ်လုံသည်
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီဝင် တစ်ဦး ဖြစ်ပြီး ၂၀၁၅ အထွေထွေ ရွေးကောက်ပွဲတွင်
မိုင်းယောင်းမြို့နယ် မဲဆန္ဒနယ်အမှတ်(၂)မှ ရှမ်းပြည်နယ်လွှတ်တော် ကိုယ်စားလှယ်အဖြစ်
ရွေးကောက် တင်မြှောက်ခံရပြီးနောက် ပြည်နယ်ဝန်ကြီး အဖြစ် တာဝန်ပေးအပ်ခံရသူ ဖြစ်သည်။
.
ရှမ်းပြည်နယ် ပြည်သူလူထု စားနပ်ရိက္ခာထောက်ပံ့ရေးကော်မတီသို့ ဧပြီလ ၁၇ ရက်၊ ညနေပိုင်းအထိ
အလှူရှင် အသီးသီးတို့မှ ငွေကျပ်သိန်းပေါင်း ၃၂၈၉ သိန်းကျော်နှင့် ကျပ်သိန်းပေါင်း
၃၀၀၀ ကျော် တန်ဖိုးရှိ COVID-19 ကာကွယ်ရေး အထောက်အကူပြု
ပစ္စည်းများ၊ အာဟာရဖြည့် စားကုန်များကို လှူဒါန်းထားပြီး ယင်းကော်မတီသည် COVID-19
နှင့် ပတ်သက်၍ မြန်မာနိုင်ငံ၌ ပထမဆုံးနှင့် အကြီးဆုံးသော ပုဂ္ဂလိက
အဖွဲ့အစည်း တစ်ခု ဖြစ်သည်။