သမ္မတ၏ လွတ်ငြိမ်းသက်သာခွင့်တွင် နိုင်ငံရေးအကျဉ်းသား ၁၈ ဦးသာ လွတ်မြောက် - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

သမ္မတ၏ လွတ်ငြိမ်းသက်သာခွင့်တွင် နိုင်ငံရေးအကျဉ်းသား ၁၈ ဦးသာ လွတ်မြောက်


စိုင်းသိင်္ခသူ
.
သမ္မတ၏ လွတ်ငြိမ်းသက်သာခွင့် အမိန့်ဖြင့် နိုင်ငံတစ်ဝန်းက အကျဉ်းထောင်များရှိ ပြန်လည် လွတ်မြောက်လာသော အကျဉ်းသားများ အနက် နိုင်ငံရေး အကျဉ်းသား ၁၈ ဦးသာ လွတ်မြောက်ခဲ့ကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ထံမှ သိရသည်။
.
တစ်နိုင်ငံလုံး အနေနဲ့ ၁၈ ဦးပဲ လွတ်လာတယ်။ စစ်တွေထောင် ၊ မုံရွာ ၊ ရွှေဘို ၊ မန္တလေး ၊ ခန္တီး ၊ ကျောက်ဖြူ စတဲ့ ထောင်တွေကပါ၊ ၁၇(၁) တွေ များပါတယ်၊ နာဂအဖွဲ့က ၁၁ ဦး၊ ရခိုင် ၆ ဦးနဲ့ နောက် ၁ ဦးပါ၊ လူငယ်တွေ ထောင်ထဲ ရောက်နေတာက တိုင်းပြည်အတွက် လုပ်အား အရမ်း ဆုံးရှုံးပါတယ်။ နိုင်ငံရေး အကျဉ်းသားတွေ အကုန်လုံးကို ချွင်းချက်မရှိ လွှတ်ပေးသင့်ပါတယ်။ဟု AAPP မှ ဦး​အောင်မျိုးကျော်က ကမ္ဘောဇတိုင်းသို့ ပြောသည်။
.
အဆိုပါ ပြန်လည် လွတ်မြောက်လာသူ နိုင်ငံရေး အကျဉ်းသားများအနက် ခန္တီးထောင်နှင့် စစ်တွေထောင်တို့မှ ၆ ဦးစီဖြင့် အများဆုံး လွတ်မြောက်လာခဲ့ခြင်း ဖြစ်ကြောင်း ဦးအောင်မျိုးကျော်က ဆက်လက် ပြောကြားသည်။
.

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP)၏ စာရင်းများအရ တစ်နိုင်ငံလုံးတွင် နိုင်ငံရေးအရ အကျဉ်း ကျနေသူ ၇၆ ဦး ရှိပြီး အမှု ရင်ဆိုင်နေရသူ ၅၀၀ ကျော် ရှိရာ လွတ်မြောက်လာသည့် နိုင်ငံရေးအကျဉ်းသား ၁၈ ဦးမှာ စစ်တွေထောင်၌ ပြစ်ဒဏ် ချမှတ်ခံရသည့် နေလင်းဦး၊ မောင်ဖြူ(ခ)မောင်ဖြူချေ၊ မောင်ထွေးသန်း(ခ)အေးမောင်၊ စောရဲထွန်း(ခ)မောင်မောင်မြင့်၊ အောင်အောင်၊ နိုင်နိုင်၊ ကျောက်ဖြူထောင်မှ လှထွန်းကျော်နှင့် ခန္တီး၊ ရွှေဘို၊ မန္တလေး၊ မုံရွာ ထောင်များမှ နာဂ အမျိုးသား ဆိုရှယ်လစ်ကောင်စီ - ကပ္ပလန် (NSCN-K)အဖွဲ့မှ ခေါင်းဆောင်ဟောင်း ၅ ဦး၊ တပ်ဖွဲ့ဝင် ၆ ဦးတို့ ဖြစ်ကြောင်း သိရသည်။
.
လက်ရှိတွင် နိုင်ငံရေးအကျဉ်းသား ၅၈ ဦး ကျန်ရှိမည် ဖြစ်ကာ အကျဉ်းထောင်အတွင်းမှ အမှု ရင်ဆိုင်နေရသူ ၁၂၆ ဦးနှင့် ပြင်ပမှ အမှု ရင်ဆိုင်နေရသူ ၃၉၄ ဦး ရှိကြောင်း AAPP ၏ စာရင်းများအရ သိရသည်။
.
မြန်မာနှစ်သစ် ၁၃၈၂ ခု (နှစ်ဆန်း တစ်ရက်နေ့) အထိမ်းအမှတ် အနေဖြင့် နိုင်ငံတော် သမ္မတက အကျဉ်းထောင် ၅၀ နှင့် စိုက်ပျိုးရေးနှင့် မွေးမြူရေး အတတ်သင်စခန်း၊  ကုန်ထုတ်စခန်း ၄၈ ခုတို့မှ အကျဉ်းသား/သူဦးရေ စုစုပေါင်း ၉၉၀၀၀ ကျော်အနက် လေးပုံတစ်ပုံ ဖြစ်သည့် အကျဉ်းသား၊ အကျဉ်းသူ ၂၄၈၉၆ ဦးကို လွတ်ငြိမ်းချမ်းသာခွင့် ပေးခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
.

Journal Download

Photo of three cats