မူဆယ်မြို့နယ်ရှိ အခြေခံ လူတန်းစားများအတွက် အစိုးရကိုယ်စား မြို့မိမြို့ဖများနှင့် လုပ်ငန်းရှင်များက စားကုန်များ လှူဒါန်း - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

မူဆယ်မြို့နယ်ရှိ အခြေခံ လူတန်းစားများအတွက် အစိုးရကိုယ်စား မြို့မိမြို့ဖများနှင့် လုပ်ငန်းရှင်များက စားကုန်များ လှူဒါန်း

မင်းဇော်မင်း
.
ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ်မြို့နယ်ရှိ အခြေခံ လူတန်းစားများအတွက် စားကုန်များကို အစိုးရကိုယ်စား မြို့မိမြို့ဖများနှင့် လုပ်ငန်းရှင်များက ထောက်ပံ့လှူဒါန်းမှုများ ပြုလုပ်နေကြောင်း သိရသည်။
.
ယင်းကဲ့သို့ အစိုးရကိုယ်စား လှူဒါန်းထောက်ပံ့မှု ပေးသူများမှာ မြို့မိမြို့ဖများ ဖြစ်ကြသည့် ဦးစိုင်းတင်စိုး၊ ဦးခင်ဇော်၊ ဦးစိုင်းခိမ်ခမ်းနှင့် လုပ်ငန်းရှင်များဖြစ်ကြသည့်  ဦးစိုင်းနွံ၊ ဦးထွန်းဦး၊ ဦးမင်းနိုင်စိုး၊ ဦးအိုက်စိ၊ ဦးရှင်ဖူးတို့ ဖြစ်ကြကာ မူဆယ်မြို့နယ်ရှိ အိမ်ထောင်စု ၂၇၀၄ စု၊ လူဦးရေ ကျား ၁၀၁၀၁ ဦး၊ မ ၁၀၂၈၇ ဦး၊ စုစုပေါင်း ၂၀၃၉၉ ဦးတို့အတွက် စားကုန်များအား အစိုးရ ကိုယ်စား ထောက်ပံ့ပေးအပ် လှူဒါန်းနေခြင်း ဖြစ်ကြောင်း သိရသည်။
.
“ မနေ့ကတော့ အိမ်ထောင်စု ၅၀ ကို စ လှူပါပြီ၊ စေတနာရှင်တွေနဲ့ တိုင်ပင်ပြီး လူစုလူဝေး မဖြစ်ဖို့ အိမ်တိုင်ရာရောက် ပေးလှူနိုင်ဖို့ လုပ်ဆောင်နေပါတယ်၊ စာရင်းတွေကတော့ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးတွေက စိစစ် ပြုစုပေးတဲ့ စာရင်းတွေအရ မြို့နယ်က ပေးပို့တာ ဖြစ်ပါတယ်။” ဟု မူဆယ်ခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးမောင်မောင်သန်းက ကမ္ဘောဇတိုင်းသို့ ပြောသည်။
.

မူဆယ်မြို့နယ်အတွင်းရှိ ပုံမှန် ဝင်ငွေမရှိသော အခြေခံလူတန်းစားများအတွက် ဆန်၊ ဆီ၊ ဆား၊ ပဲ၊ ကြက်သွန်နီ အခြေခံ စားကုန် ၅ မျိုး ထောက်ပံ့ခြင်းကို ဧပြီလ ၁၀ ရက်က မူဆယ်မြို့၊ ဟိုမွန်ရပ်ကွက်တွင် အိမ်ထောင်စု ၅၀ အတွက် အိမ်တိုင်ရာရောက် စတင် ထောက်ပံ့ပေးလျက်ရှိပြီး ကျန် အိမ်ထောင်စုများအတွက်လည်း ဆက်လက် ပေးဝေလျက်ရှိသည်ဟု ၎င်းက ဆိုသည်။
.
ထို့အပြင် မူဆယ်မြို့နယ်မှ အိမ်ထောင်စု ၂၇၀၄ စု၊ နမ့်ခမ်းမြို့နယ်မှ အိမ်ထောင်စု၂၀၉၈ စုနှင့် ကွတ်ခိုင်မြို့နယ်မှ အိမ်ထောင်စု ၂၀၅၈ စု တို့ကိုလည်း ဆက်လက်ထောက်ပံ့ပေးနိုင်ရေး စီစဉ် ဆောင်ရွက်လျက်ရှိသည့်အပြင် မြေပြင်တွင် လှူဒါန်းရာ၌ ပိုထွက်လာနိုင်သည့် အိမ်ထောင်စုများအတွက်လည်း အရန်သင့် ပြုလုပ်ထားရှိကြောင်း သိရသည်။
.
“ မူဆယ်မှာက ဒေသခံတွေအပြင် ရွှေ့ပြောင်းလုပ်သားတွေ အိမ်ငှားနေကြတာ များတယ်၊ အလုပ် မရှိတော့ ဝင်ငွေ မရှိကြလို့ ခက်ခဲနေကြတာတွေကို မြို့အနေနဲ့ ထောက်ပံ့ကူညီပေးဖို့ လုပ်တာပါ၊ အစိုးရအနေနဲ့လည်း အခြား အရေးပေါ် အခက်အခဲတွေ ရှိလာရင် လုပ်ဆောင်နိုင်စွမ်းရှိတဲ့ နေရာတွေမှာ ထောက်ပံ့နိုင်စွမ်း ရှိဖို့ မူဆယ်မြို့မိမြို့ဖနဲ့ လုပ်ငန်းရှင်တွေက တစ်ဖက်တစ်လမ်းက ကူညီတာပါ။” ဟု မူဆယ်မြို့နယ် COVID-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးကော်မတီ၏ နာယက ဖြစ်သူ ရှမ်းပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးစိုင်းကျော်သိန်းက ပြောသည်။
.
သင်္ကြန် ရုံးပိတ်ရက် ကာလအတွင်း ပုံမှန် ဝင်ငွေမရှိသော အခြေခံ လူတန်းစားများအတွက် အိမ်ထောင်စု တစ်စုလျှင် ဆန် ၈ ပြည်၊ ဆီ ၅၀ ကျပ်သား၊ ဆား ၅၀ ကျပ်သား၊ ပဲ ၁ ပိဿာ၊ ကြက်သွန် ၁ ပိဿာစီကို ဧပြီလ ၁၀ ရက်မှ စ၍ အခမဲ့ ထောက်ပံ့ ပေးသွားမည်ဟု COVID-19 ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးအမျိုးသားအဆင့် ဗဟိုကော်မတီက ၂၀၂၀ ပြည့်နှစ်၊ ဧပြီလ၆ ရက်တွင် ကြေညာခဲ့ပြီးနောက် အဆိုပါ မြို့မိ၊ မြို့ဖများနှင့် လုပ်ငန်းရှင်များက လွှတ်တော် ကိုယ်စားလှယ်များနှင့် တိုင်ပင်ကာ နိုင်ငံတော်၏ ငွေကြေး အကြပ်အတည်းအား အခက်အခဲ မဖြစ်ပေါ်စေရေးနှင့် အခြား လိုအပ်သည့် နေရာများတွင် အသုံးပြုနိုင်ရေးအတွက် မူဆယ်မြို့နယ်သို့ ထောက်ပံ့မည်ငွေများအား အစိုးရ ကိုယ်စား ကူညီ ထောက်ပံ့လှူးဒါန်းမှု ပြုခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
.
မူဆယ်မြို့နယ်ရှိ အခြေခံ လူတန်းစားများအတွက် စားကုန်ပစ္စည်း ၅ မျိုးအား လှူဒါန်းသည့် ကုန်ကျစရိတ်မှာ တစ်အိမ်ထောင်(တစ်ယူနစ်)လျှင် ၂၂၈၅၀ ကျပ်နှုန်းဖြင့် အိမ်ထောင်စု ၂၇၀၄ စုအတွက် ကျသင့်ငွေ ၆၁၇၈၆၄၀၀ ကျပ် ဖြစ်ပြီး မူဆယ်မြို့နယ်တွင် ရပ်ကွက်ပေါင်း ၉ ရပ်ကွက် ၊ ကျေးရွာအုပ်စုပေါင်း ၇၁ အုပ်စု၊ အိမ်ထောင်စုပေါင်း ၂၆၈၇၆ စု နေထိုင်လျက် ရှိကြောင်း သိရသည်။
.
ယင်းကဲ့သို့ အစိုးရ ကိုယ်စား အခြေခံ လူတန်းစားများအတွက် စားကုန်များကို အစိုးရကိုယ်စား မြို့မိမြို့ဖများနှင့် လုပ်ငန်းရှင်များက ထောက်ပံ့လှူဒါန်းမှု အစီအစဉ်ကို ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်မြို့နယ်တွင်လည်း ဆောင်ရွက်လျက် ရှိသည်။

Journal Download

Photo of three cats