.
အောင်ဘာလေထီကို
ပုံမှန် ဖွင့်လှစ်နေကြအတိုင်းသာ ပြုလုပ်မည် ဖြစ်ပြီး ခွဲဝေချီးမြှင့်မည့်
ဆုမဲစာရင်းကို အချိန်မီ ထုတ်ပြန်ပေးသွားဟု ပြည်တွင်းအခွန်များဦးစီးဌာန၊ အောင်ဘာလေ
သိန်းဆုဌာနခွဲက ဧပြီလ ၂၄ ရက်တွင် ကြေညာထားသည်။
.
ယခင်က အောင်ဘာလေ
သိန်းဆုဌာနခွဲ တာဝန်ရှိသူက ထီဖွင့်မည့် ရက်အား မေလ ၁၅ ရက်သို့ ပြောင်းရွှေ့ထားသည်ဟု
သတင်းမီဒီယများသို့ ပြောကြားထားသည့် အပြင်၊ ထီလုပ်ငန်းရှင်အသင်းကလည်း COVID-19 ရောဂါ တည်ငြိမ်ပြီးမှသာ ဖွင့်လှစ်ရန် ဧပြီလ ၂၃ ရက်က ကြေညာချက်
ထုတ်ပြန် ထားခဲ့သော်လည်း ယခု ကြေညာချက်အရ (၁၅)ကြိမ်မြောက် အောင်ဘာလေထီ ဖွင့်ရက်အား
လာမည့် မေလ ၁ ရက်တွင် ပုံမှန်အတိုင်း ပြုလုပ်သွားမည် ဖြစ်ကြောင်း သိရသည်။
.
“ ကျွန်တော်တို့ရဲ့
အဓိက လက်ငုတ်လက်ရင်း အခြေအနေကို တင်ပြခဲ့တာပါ။ ဒါပေမဲ့ အထက်ဌာနများရဲ့
ညွှန်ကြားချက်ကို လိုက်နာ လုပ်ဆောင်သွားမှာ ဖြစ်ပြီး အခုလဲ ဖွင့်ရက်အမီ လက်မှတ်စာရင်းတွေ
ပေးပို့နိုင်ဖို့ စုစည်းနေပါပြီ။” ဟု
ထီလုပ်ငန်းရှင်များအသင်း၏ ဒုဥက္ကဌဖြစ်သူ ဦးသီဟဝင်းမော်က ကမ္ဘောဇတိုင်းသို့ ပြောသည်။
.
(၁၅)ကြိမ်မြောက်
၁၀၀၀ ကျပ်တန် အောင်ဘာလေထီ ဖွင့်ပွဲကို လာမည့် မေလ ၁ ရက်တွင် ရန်ကုန်မြို့ရှိ အောင်ဘာလေသိန်းဆုထီဌာနခွဲတွင်
ဖွင့်လှစ်သွားမည် ဖြစ်ပြီး အဆိုပါဌာနခွဲမှ တိုင်းဒေသကြီး၊ ပြည်နယ်အသီးသီးရှိ
မြို့နယ်အခွန်ဦးစီးဌာနမှူးရုံးများမှတဆင့် အောင်ဘာလေထီ ဝယ်ယူခွင့် ရရှိသူများထံသို့
အချိန်မီ ဖြန့်ဖြူး ရောင်းချပေးလျက် ရှိကာ COVID-19 ရောဂါကြောင့် အောင်ဘာလေထီ ဝယ်ယူခွင့် ရရှိသူများက ထီလက်မှတ်များကို လာရောက်ထုတ်ယူခြင်း
မပြုသောကြောင့်
မြို့နယ်အခွန်ဦးစီးဌာနမှူးရုံး အသီးသီး၌ ထီ လက်မှတ်များ ကျန်ရှိနေသည့်အတွက်
ယင်း မရောင်းရ ထီလက်မှတ်များ စာရင်းကို စိစစ်ပြီးပါက ခွဲဝေချီးမြင့်မည့်
ဆုမဲစာရင်းကို အချိန်မီ ထုတ်ပြန်ပေးသွားမည် ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
.