ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအတွက် ရေသယ်ယာဉ်သစ် တစ်စီးကို ကမ္ဘောဇဘဏ်က ပေးအပ်လှူဒါန်း - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအတွက် ရေသယ်ယာဉ်သစ် တစ်စီးကို ကမ္ဘောဇဘဏ်က ပေးအပ်လှူဒါန်း


သောက်သုံးရေ ရှားပါး ပြတ်လပ်မှု မရှိစေရေး ဆောင်ရွက်ပေးရန်အတွက် ကျပ်သိန်း ၄၅၀ တန်ဖိုးရှိ ရေဂါလံ ၃၀၀၀ ဆံ့ ရေသယ်ယာဉ် အသစ် တစ်စီးကို ကမ္ဘောဇဘဏ်မှ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့သို့ ဧပြီလ ၁ ရက်တွင် ပင်းတယမြို့၌ ပေးအပ် လှူဒါန်းခဲ့ကြောင်း သိရသည်။
.
 “ ကျွန်တော်တို့ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဖြစ်တဲ့ ပင်းတယမြို့နယ်နဲ့ ရွာငံမြို့နယ်အတွင်းက နေရာ အသီးသီးမှာ ပြည်သူများအတွက် စက်ရေတွင်း၊ ရေကန်များ တူဖော်ပေးခြင်း၊ ဆေးရုံ ဆောက်လုပ် လှူဒါန်းပေးခြင်း၊ စာသင်ကျောင်းများ လှူဒါန်းခြင်း အပါအဝင် ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများအတွက် ကဏ္ဍအသီးသီးမှာ ငွေကျပ်သိန်းပေါင်း ၂၃၀၀၀ ကျော်ကို လှူဒါန်းပေးထားတဲ့ ကမ္ဘောဇဘဏ်ကို ကျေးဇူးတင်ပါတယ်။” ဟု လှူဒါန်းမှုနှင့် ပတ်သက်၍ ဓနုကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသဦးစီးအဖွဲ့ ဥက္ကဌ  ဦးအာကာလင်းက ပြောကြားခဲ့သည်။
.

ကမ္ဘောဇဘဏ်သည် တစ်နိုင်ငံလုံးတွင် ရေသယ်ယာဉ်များ လှူဒါန်းနေလျက် ရှိပြီး ယခု လှူဒါန်းခဲ့သော ရေသယ်ယာဉ်သည် အစီး ၅၀ မြောက် ရေသယ်ယာဉ် ဖြစ်ကာ လှူဒါန်းထားသော ရေသယ်ယာဉ်များ ဖြင့် နိုင်ငံတစ်ဝန်း ရေရှားပါးသည့် ဒေသများတွင် ဒေသခံများနှင့် ပူးပေါင်း၍ လည်းကောင်း၊ လူမှုရေး ပရဟိတအဖွဲ့များနှင့် ပူးပေါင်း၍ လည်းကောင်း သောက်သုံးရေများ ဖြန့်ဝေ လှူဒါန်းပေးလျက် ရှိရာ ရေ အခက်အခဲဖြစ်နေသည့် ဒေသခံ ပြည်သူများ ဝမ်းမြောက်မှုများ ဖြစ်ပေါ်နေကြောင်းလည်း သိရသည်။
.
ကမ္ဘောဇဘဏ်သည် ၂၀၀၄ ခုနှစ်မှ စတင်၍ နိုင်ငံအနှံ့အပြားတွင်  ရေတွင်းတူးရန် အလွန် ခက်ခဲပြီး ရေ ရှားပါးသော ဒေသများ၌ အင်္ဂလန်နိုင်ငံထုတ် ခေတ်မီရေတွင်းတူးစက် ၂ စီး အပါအဝင် စက်ရေတွင်း တူးစက်ကြီးများဖြင့် စက်ရေတွင်း ၂၆၇ တွင်းကို  အောင်မြင်စွာ တူးဖော်ပေးခဲ့ပြီး ရေစုပ်စက်များ၊ ရေလှောင်ကန်များ တည်ဆောက်ပေးခြင်း၊ အိမ်တိုင်ရာရောက် ရေပိုက်များ သွယ်တန်းပေးခြင်း စသည် ဖြင့် စနစ် ကျသော အစီအမံများဖြင့် သောက်သုံးရေများကို အခမဲ့ ဖြန့်ဝေပေးလျက် ရှိကြောင်း သိရသည်။
.
အဆိုပါ အင်္ဂလန်နိုင်ငံထုတ် ခေတ်မီရေတွင်းတူးစက် ၂ စီးဖြင့် လက်ရှိအချိန်တွင် ချင်းပြည်နယ်၊ ဟားခါးနှင့် ရှမ်းပြည်နယ်၊ အောင်ပန်းမြို့တို့တွင် တူးဖော်လျှက် ရှိပြီး ရေရှားပါသည့် မကွေးတိုင်းတွင်လည်း ဆက်လက် တူးဖော်လှူဒါန်းသွာရန် စီစဉ်ဆောင်ရွက်ထားသည်။
.
ထို့အပြင် ကမ္ဘောဇဘဏ်သည် COVID-19 ကမ္ဘာ့ကပ်ရောဂါ ကာကွယ်ကုသရေးအတွက် ငွေကျပ် သိန်း ၁၄၀၀၀ ကျော် တန်ဖိုးရှိ CE Standard PPE ဝတ်စုံများ၊ ဆေးရုံသုံးနှင့် N95 နှာခေါင်းစီးများ၊  Hand Gel ဗူးများ အပါအဝင်  ဆေးရုံသုံး ပစ္စည်းများကို တရုတ်နိုင်ငံမှ တိုက်ရိုက် မှာယူကာ ကုန်းလမ်းဖြင့် သယ်ယူ လှူဒါန်းလျက် ရှိသည့်အပြင် ယခုအခါ လေကြောင်းဖြင့်ပါ တိုက်ရိုက် အမြန် သယ်ယူနိုင်ရန် စီစဉ် ဆောင်ရွက်နေကြောင်း သိရသည်။
.

ကမ္ဘောဇဘဏ်သည် ရှမ်းပြည်နယ် အစိုးရနှင့်ပူးပေါင်း၍ ရှမ်းပြည်နယ်အတွင်းရှိ ပြည်သူများအတွက် အရေးပေါ် လိုအပ်လာပါက ဆန် ၃ ပြည်၊ ဆီ ၁ ဗူး၊ ကုလားပဲ ၅၀ ကျပ်သား ပါဝင်သော ရိက္ခာထုပ်ပေါင်း ၁၀၀၀၀၀ ကို လှူဒါန်းသွားရန် အသင့်ပြင်ဆင်ထားပြီး ဖြစ်ကာ ကမ္ဘောဇဘဏ်သည် ကဏ္ဍအသီးသီးတွင် လူမျိုးမရွေး၊ ဘာသာမရွေး ၊ နေရာဒေသ မရွေး နိုင်ငံတော်နှင့် ပြည်သူအတွက် ကျပ်ငွေ ၁၆၂ ဘီလီယံကျော်ကို လှူဒါန်းခဲ့ပြီး ဖြစ်ကြောင်း သိရသည်။
.

Journal Download

Photo of three cats