ရှမ်းပြည်နယ်ရှိ အခြေခံလူတန်းစား စာရင်းကို ထပ်မံ ကောက်ယူ၍ ထောက်ပံ့သွားမည် - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

ရှမ်းပြည်နယ်ရှိ အခြေခံလူတန်းစား စာရင်းကို ထပ်မံ ကောက်ယူ၍ ထောက်ပံ့သွားမည်


ရှမ်းပြည်နယ်အတွင်းရှိ မြို့နယ် အသီးသီးမှ ပုံမှန်ဝင်ငွေ မရှိသော အခြေခံလူတန်းစားများ၏ စာရင်းကို ထပ်မံ ကောက်ယူ၍ စားကုန်များကို ဆက်လက် ထောက်ပံ့သွားမည် ဖြစ်ကြောင်း ရှမ်းပြည်နယ် အစိုးရအဖွဲ့ထံမှ သိရသည်။
.
“ နောက်ထပ် ကျန်နေတဲ့သူတွေ စာရင်း ကောက်ခိုင်းထားတယ်။ အမှန်တကယ် ဆင်းရဲနွမ်းပါးတဲ့သူ၊ အလုပ် လက်မဲ့ ဖြစ်နေတဲ့သူတွေကို စာရင်း ကောက်ခိုင်းထားပါတယ်။ စာရင်းကောက်ပြီးရင် ဆက်ပြီး ထောက်ပံ့ သွားမှာပါ။” ဟု ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြောရေးဆိုခွင့် ရှိသူ ပြည်နယ်စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးစိုးညွန့်လွင်က ကမ္ဘောဇတိုင်းသို့ ပြောသည်။
.
ရှမ်းပြည်နယ်အတွင်းရှိ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း/ဒေသများနှင့် မြို့နယ် အသီးသီးမှ တင်ပြလာသော စာရင်းများအရ ရှမ်းပြည်နယ်အတွင်း၌ ပုံမှန် ဝင်ငွေ မရှိသော အခြေခံလူတန်းစား အိမ်ထောင်စုပေါင်း ၁၁၃၃၇၃ စု ရှိပြီး ဒေသ တစ်ခုနှင့် တစ်ခု ဈေးနှုန်းများ တူညီမှု မရှိခြင်းကြောင့် ငွေစာရင်းကိုမူ အတည်ပြုနိုင်ခြင်း မရှိသေးဘဲ လက်ရှိ ထောက်ပံ့နေသည့် အခြေခံလူတန်းစား စာရင်းမှာလည်း ယာယီ အတည်ပြုစာရင်းသာ ဖြစ်ကြောင်း ပြည်နယ်ဝန်ကြီးက ရှင်းပြသည်။
.

COVID 19 နှင့် စပ်လျဉ်း၍ အရေးကြီးကာလ ဖြစ်သည့် မဟာသင်္ကြန် ရုံးပိတ်ရက်ရှည် ကာလအတွင်း ပုံမှန် ဝင်ငွေ မရှိသော အခြေခံ လူတန်းစားများအတွက် ရိက္ခာများကို အစိုးရက ထောက်ပံ့ ပေးအပ်သွားမည် ဖြစ်ကြောင်း ဧပြီလ ၆ ရက်တွင် COVID 19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့် ကော်မတီက ထုတ်ပြန်ခဲ့ပြီးနောက် အိမ်ထောင်စု တစ်စုလျှင် ဆန် ၈ ပြည်၊ ဆီ ၅၀ ကျပ်သား၊ ပဲ ၁ ပိဿာ၊ ကြက်သွန် ၁ ပိဿာ၊ စုစုပေါင်း ထောက်ပံ့ကူညီမှု ၅ မျိုးစီကို ဧပြီလ ၁၀ ရက်မှ စတင်၍ အခမဲ့ ဖြန့်ဖြူး ထောက်ပံ့ပေးနေခြင်း ဖြစ်သည်။
.
လက်ရှိ ရှမ်းပြည်နယ်အတွင်း၌ ထောက်ပံ့ကူညီနေမှုတွင် အမှန်တကယ် ဝင်ငွေ မရှိသည့် အခြေခံ လူတန်းစားများ ပါဝင်ခြင်း မရှိကြောင်း ဝေဖန်မှု အချို့ ရှိနေခြင်း ဖြစ်ပြီး အဆိုပါ စာရင်းမှာ အရေးပေါ် ကောက်ခံရသည့် စာရင်းဖြစ်သည့်အတွက် လိုအပ်ချက်/ အားနည်းချက်များ ရှိနေခြင်း ဖြစ်ကာ နောက်တိုး စာရင်းအဖြစ် ဖြည့်စွက် ထောက်ပံ့ပေးမည် ဖြစ်ကြောင်း ရှမ်းပြည်နယ်အစိုးရ ပြောရေးဆိုခွင့် ရှိသူထံမှ သိရသည်။
.
ထို့အပြင် စားကုန်များ ထောက်ပံ့သည့် ​နေရာတွင်လည်း ဌာနဆိုင်ရာဝန်ထမ်းများ၏ လိုအပ်ချက်အားနည်းချက်များ မဖြစ်​ပေါ်စေရန် အနီးကပ် ညွှန်ကြားမှုများကို ဆက်တိုက် ပြုလုပ်နေလျှက်ရှိပြီး ယခု​ ထောက်ပံ့​သည့် ကုန်ကျ​ငွေများသည် ပြည်သူများ၏ ဘတ်ဂျက်(Citizen's Budget) ဖြစ်သည့်အတွက် လွှတ်တော် ကိုယ်စားလှယ်များအရပ်ဘက်အဖွဲ့အစည်းများပြည်သူများက ပါဝင်ကူညီခြင်း၊ အ​လေ့အလွှင့် မရှိ​အောင် ထိန်းသိမ်း​ စောင့်​ရှောက်​ပေးခြင်းတို့​ကို ဆောင်ရွက်​ပေးကြရန် ရှမ်းပြည်နယ်အစိုးရက မေတ္တာ ရပ်ခံထားသည်။

Journal Download

Photo of three cats