ရှမ်းပြည်နယ်ဝန်ကြီး ဒေါက်တာ ညီညီအောင်အား အရေးယူပေးရန် လင်းခေး လွှတ်တော်ကိုယ်စားလှယ်များက ဝန်ကြီးချုပ်ထံ တိုင်ကြား - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

ရှမ်းပြည်နယ်ဝန်ကြီး ဒေါက်တာ ညီညီအောင်အား အရေးယူပေးရန် လင်းခေး လွှတ်တော်ကိုယ်စားလှယ်များက ဝန်ကြီးချုပ်ထံ တိုင်ကြား


စိုင်းသိင်္ခသူ
.
ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီး ဒေါက်တာ ညီညီအောင်မှ ယင်း၏ ကိုယ်ပိုင် ဆိုရှယ်မီဒီယာ စာမျက်နှာပေါ်တွင် တိုင်းရင်းသားလူမျိုး အချင်းချင်းကြား မုန်းတီးမှုနှင့် စိတ်ဝမ်း ကွဲစေနိုင်သည့် ရေးသားမှုအား အရေးယူ အပြစ်ပေးနိုင်ရေးအတွက် လင်းခေးမြို့မှ ပြည်သူ့လွှတ်တော်နှင့် ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ၃ ဦးတို့က ရှမ်းပြည်နယ်ဝန်ကြီးချုပ်ထံ ဧပြီလ ၁၂ ရက်က တိုင်ကြားစာ ပေးပို့ခဲ့ကြောင်း သိရသည်။
.
ပြည်နယ်ဝန်ကြီး ဒေါက်တာ ညီညီအောင်သည် ဧပြီလ ၁၀ ရက်က လင်းခေးမြို့သို့ ရောက်ရှိခဲ့ပြီးနောက် ၎င်း၏ ဆိုရှယ်မီဒီယာ Facebook Page တွင် “ လင်းခေးမှာ ရှမ်းခေါက်ဆွဲဆိုင် တစ်ချို့ရဲ့ ခေါက်ဆွဲ တစ်ပွဲ ရောင်းဈေးက ရှမ်းဆိုရင် ငါးရာ၊ ရှမ်း မဟုတ်တဲ့ သူတွေဆိုရင် ရှစ်ရာ ကျပ်ပါတဲ့၊ လူမျိုးရေး ဘာသာရေး ခွဲခြားခြင်း အစွန်း ရောက်ခြင်းဟာ လောကကို ပျက်စီးစေပါတယ်။ နိုင်ငံတကာမှာတော့ ရှက်စရာ ကိစ္စအဖြစ် ရှုမြင်ကြပါတယ်၊ နိုင်ငံတကာမှာ ဝင်ဆံ့ချင်ကြရင်တော့ ဆင်ခြင်ရဖို့ ရှိပါတယ်။” ဟု ရေးသားခဲ့သည့်အပေါ် လွှတ်တော် ကိုယ်စားလှယ်များက တိုင်ကြားကြခြင်း ဖြစ်ကြောင်း သိရသည်။
. 
 
အဆိုပါ လင်းခေးမြို့နယ်မှ လွှတ်တော် ကိုယ်စားလှယ်များ၏ ပြည်နယ်ဝန်ကြီးချုပ်ထံ တိုင်ကြားစာတွင် ၂၀၀၈ ဖွဲ့စည်းပုံ  ပုဒ်မ ၃၆၃ အရ လည်းကောင်း၊ ၂၀၁၅ ခုနှစ်၊ ပြည်ထောင်စုလွှတ်တော် ဥပဒေအမှတ်(၈) ပုဒ်မ ၂၄ အရ လည်းကောင်း ဥပဒေနှင့် ညိစွန်းသည့် အရေးအသား ဖြစ်နိုင်သည်ကို လေ့လာ တွေ့ရှိရသည်ဟု ပါရှိကာ ပြည်နယ်ဝန်ကြီးအနေဖြင့် တိုင်းရင်းသား လူမျိုးအချင်းချင်းကြား မုန်းတီးမှုနှင့် စိတ်ဝမ်းကွဲမှု တစ်မျိုးမျိုး ဖြစ်ပေါ်စေသည့် ရေးသားမှုကို တာဝန်ယူ တာဝန်ခံသောအားဖြင့် ဝန်ကြီးချုပ်မှ ထိုက်သင့်သည့် အရေးယူ အပြစ်ပေးနိုင်ရေး အမြန် ဆောင်ရွက်ပေးနိုင်ပါရန် ရှမ်းပြည်လူထုနှင့် လင်းခေးပြည်သူများ ကိုယ်စား တင်ပြအပ်ပါသည်ဟု ဖော်ပြပါရှိသည်။
.
ယင်းကိစ္စနှင့် ပတ်သက်၍ တိုင်ကြားစာ ပေးပို့ခဲ့သည့် လင်းခေးမြို့ရှိ လွှတ်တော်ကိုယ်စားများအား ဆက်သွယ်ရာတွင် တစ်ဦးတစ်ယောက်ကမျှ ဖုန်း ပြန်လည် ဖြေဆိုခြင်း မပြုကြသော်လည်း လင်းခေးနှင့် အနီးဆုံး မိုးနဲမြို့မှ ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းမျိုးမြင့်က “ သူ့ ဦးနှောက်ထဲ ရောဂါပိုး ဝင်သွားလို့ ဒီလို ပြောတာလား မသိဘူး။” ဟု မှတ်ချက်ပြု ပြောဆိုခဲ့ပြီး လားရှိုးမှ အမျိူးသားလွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းဝမ်းလှိုင်းခမ်းကလည်း “လင်းခေးက ပြည်သူတွေ အပေါ် မူတည်တာပေါ့နော်၊ ရှမ်းပြည်နယ်အနေနဲ့ ပြောရရင်တော့ ဒီလို ဝန်ကြီးတစ်ပါးအနေနဲ့ ပြောတာ ဖြစ်လို့ တုံ့ပြန်ဖို့ တစ်ခုခု ဝန်ချတောင်းပန်သင့်တာတို့၊ အရေးယူပေးဖို့ ဘာညာတို့ လုပ်ပေးဖို့ လိုပါတယ်၊ အရေးမယူဘဲ လက်လွတ်စံပယ် ထားလိုက်မယ်ဆိုရင်တော့ တိုင်းရင်းသား လူမျိုးပေါင်းစုံ နေထိုင်တဲ့ ရှမ်းပြည်အနေနဲ့ နောက်ပိုင်းမှာ သွေးကွဲမှုတွေ များလာမှာ စိုးရိမ်တယ်။ တစ်စုံတစ်ခုတော့ ထိထိရောက်ရောက် အရေးယူဖို့ လိုပါတယ်” ဟု ပြောသည်။
.
ထို့အတူ လင်းခေးမြို့၊ ကံသာရပ်ကွက်နေ ဒေါ်နန်းစုကလည်း “လူကြီး ဖြစ်ပြီး ဒီလို မရေးသင့်ပါဘူး၊ ခေါက်ဆွဲထက် လူမျိုးရေး ပါတာက ပို ဆိုးတာ၊ လင်းခေးက လူတွေ နိုင်ငံတကာမှာ သွားနေတာ အများကြီးပါ၊ ခုလို လူမျိုးရေးနှင့် နိုင်ငံတကာ ချီပြီး ရေးတော့ အထင် သေးတာကအစ  မကောင်းပါဘူး။” ဟု ပြောသည်။
.

တိုင်ကြားစာ ပေးပို့ခဲ့သော လွှတ်တော်ကိုယ်စားလှယ်များမှာ ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းဘသိန်း၊ ရှမ်းပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးစိုင်းအောင်မျိုးကျော်နှင့် ဦးစိုင်းလုံတို့ ဖြစ်ပြီး SNLD ပါတီ ရုံးချုပ်နှင့် ရှမ်းပြည်နယ်လွှတ်တော် ဥက္ကဌတို့ထံ မိတ္တူ ပေးပို့ထားကြောင်း တွေ့ရသည်။
.
ဝန်ကြီး ဒေါက်တာ ညီညီအောင် အနေဖြင့် ပထမ ရေးတင်ထားသည့် ခေါက်ဆွဲနှင့် ပတ်သက်သည့် Post  ကို ပြန်လည် ဖျက်သိမ်းခဲ့သော်လည်း ထပ်မံ ရေးသား တင်သည့် Post တွင် လူထုကို တောင်းပန်သည့် ပုံစံ မဟုတ်ဘဲ သက်ဆိုင်ရာ မျိုးနွယ်စုများကိုသာ တောင်းပန်သည့် စကားသာ ပါရှိကာ ဖုန်းဆက်ပြောသည့် ရှမ်းပြည်နယ် NLD အဆင့်ဆင့် တာဝန်ရှိသူများကိုသာ ကျေးဇူးတင်ရှိကြောင်း ပါရှိသည်ကို တွေ့ရှိရသည်။
.

Journal Download

Photo of three cats