COVID-19 အတည်ပြုလူနာအမှတ်(၂၄)နှင့် ထိတွေ့ခဲ့သည့် အမျိုးသားတွင် ပိုး တွေ့ရှိ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်းသတင်းဂျာနယ်သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (မြဲ-၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် တရားဝင် သတင်းမီဒီယာ တစ်ခု ဖြစ်ပါသည်။

Tuesday, April 14, 2020

COVID-19 အတည်ပြုလူနာအမှတ်(၂၄)နှင့် ထိတွေ့ခဲ့သည့် အမျိုးသားတွင် ပိုး တွေ့ရှိ

COVID-19 လူနာအမှတ်(၂၄)နှင့် ထိတွေ့ခဲ့သည့် အမျိုးသားတွင် COVID-19 ပိုး တွေ့ရှိကြောင်း ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနက ယနေ့ (ဧပြီလ ၁၄ ရက်) ည ၈ နာရီတွင် ထုတ်ပြန်ခဲ့သည်။
.
အဆိုပါ လူနာအမှတ် (၆၃)သည် ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာမြို့နယ်တွင် နေထိုင်သည့် အသက် ၆၅ နှစ်အရွယ် အမျိုးသား ဖြစ်ပြီး လူနာအမှတ်(၂၄)နှင့် ထိတွေ့မှု ရှိခဲ့ခြင်းကြောင့် နေအိမ်တွင် အသွားအလာ ကန့်သတ် စောင့်ကြပ်ကြည့်ရှုမှု ခံယူနေသူ ဖြစ်ကာ ၎င်း၏ ဓါတ်ခွဲနမူနာအား စစ်ဆေးစဉ် COVID-19 ပိုး တွေ့ရခြင်း ဖြစ်ကြောင်း သိရသည်။
.


လူနာအမှတ်(၂၄) မှာ အသက် ၃၂ နှစ်အရွယ် အမျိုးသားဖြစ်ပြီး မတ်လ ၁၉ ရက်တွင် စင်္ကာပူနိုင်ငံမှ မြန်မာနိုင်ငံသို့ ပြန်လည် ရောက်ရှိလာသူ ဖြစ်ကာ ဧပြီလ ၁ ရက်တွင် ဖျားခြင်း၊ မောပန်းခြင်း၊ စတင် ခံစားခဲ့ရကာ ဧပြီလ ၈ ရက်၊ နေ့လယ်ပိုင်း၌ မရမ်းကုန်းမြို့နယ်၊ ဒေသန္တရ ကျန်းမာရေးဌာနသို့ သွားရောက် ပြသခဲ့ပြီး ထိုမှတစ်ဆင့် မြောက်ဥက္ကလာပပြည်သူ့ဆေးရုံကြီးသို့ ညွှန်းပို့၍ စောင့်ကြည့် လူနာအဖြစ် သတ်မှတ်ကာ ဓာတ်ခွဲနမူနာအား စစ်ဆေးစဉ် COVID-19 ပိုး တွေ့ရှိသူ ဖြစ်ကြောင်း သိရသည်။
.
မြန်မာနိုင်ငံတွင် ယနေ့ (ဧပြီလ ၁၄ ရက်)၊ ည ၈ နာရီထိ အတည်ပြုလူနာ ၆၃ ဦး ရှိပြီ ဖြစ်ကာ ယင်းအနက် ပိုးတွေ့သေဆုံးသူ ၄ ဦး၊ ပြန်လည် သက်သာလာသူ ၂ ဦး ရှိကြောင်း ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။
.
ကမ္ဘာ့နိုင်ငံများနှင့် နယ်မြေဒေသများတွင် COVID-19 အတည်ပြု လူနာပေါင်း ၁၈၁၂၇၃၄ ဦးထိ တွေ့ရှိထားကာ ယင်းအနက် သေဆုံးသူမှာ ၁၁၃၆၇၅ ဦး ရှိကြောင်း WHO ၏ ဧပြီလ ၁၄ ရက်၊ ညနေ ၃ နာရီ ထုတ်ပြန်ချက်များအရ သိရသည်။

No comments:

Post a Comment

Journal Download

Photo of three cats

About