လူနာအမှတ်(၈)၏ မိသားစုဝင်တွင် COVID-19 ပိုး တွေ့ရှိ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

လူနာအမှတ်(၈)၏ မိသားစုဝင်တွင် COVID-19 ပိုး တွေ့ရှိ

COVID-19 အတည်ပြု လူနာအမှတ်(၈)၏ မိသားစုဝင် တစ်ဦးတွင် COVID-19 ပိုး တွေ့ရှိကြောင်း ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနက ယနေ့ (ဧပြီလ ၁၀ ရက်) ည ၁၀ နာရီ ၁၅ မိနစ်တွင် ထုတ်ပြန်ခဲ့သည်။
.
အဆိုပါ လူနာအမှတ်(၂၈)သည် ရန်ကုန်တိုင်းဒေသကြီး၊ ဗဟန်းမြို့နယ်တွင် နေထိုင်သော အသက် ၆၃ နှစ်အရွယ် အမျိုးသားတစ်ဦး ဖြစ်ပြီး လူနာအမှတ် (၈)နှင့် အနီးကပ် ထိတွေ့မှု ရှိသော မိသားစုဝင် ဖြစ်ခြင်းကြောင့် မတ်လ ၂၈ ရက်မှ စတင်၍ နေအိမ်၌ အသွားအလာ ကန့်သတ်ထားစဉ် ဧပြီလ ၇ ရက်မှ စတင်၍ ဖျားခြင်း၊ လည်ချောင်းနာခြင်း၊ ချောင်းဆိုးခြင်း လက္ခဏာများ ခံစားရသဖြင့် ဧပြီလ ၉ ရက်တွင် ဓါတ်ခွဲနမူနာအား စစ်ဆေးရာ COVID-19 ပိုး တွေ့ရခြင်း ဖြစ်ကာ လူနာမှာ သွေးတိုး၊ ဆီးချို ရောဂါအခံ ရှိသောကြောင့် ဝေဘာဂီအထူးကု ဆေးရုံသို့ ပို့ဆောင်၍ အထူးကြပ်မတ် ကုသသွားမည် ဖြစ်ကြောင်း သိရသည်။
.

ယခင် အတည်ပြုလူနာအမှတ်(၈)သည် အသက် ၆၀ အရွယ် ဧည့်လမ်းညွှန် အမျိုးသမီး ဖြစ်ကာ ပြင်သစ်နိုင်ငံသားများနှင့် အတူ ရှမ်းပြည်နယ်တောင်ပိုင်း အပါအဝင် ပြည်တွင်း ခရီးစဉ်များအဖြစ် လည်ပတ် သွားလာခဲ့သူ ဖြစ်သည်။
.
မြန်မာနိုင်ငံတွင် COVID-19 အတည်ပြုလူနာ ၂၈ ဦး အနက် သေဆုံးသူ ၃ ဦး၊ ပြန်လည် သက်သာလာသူ ၂ ဦး ရှိကာ ပြည်သူ လူထုအနေဖြင့် လူစုလူဝေး ရှိရာ နေရာများသို့ လုံးဝ (လုံးဝ) သွားရောက်ခြင်း မပြုရန်နှင့် ရောဂါကာကွယ်ရေး ဆိုင်ရာ ကျန်းမာရေး ပညာပေး အချက်အလက်များအား တိကျစွာ လိုက်နာ ဆောင်ရွက်ခြင်းဖြင့် မိမိ သာမက မိမိ၏ မိသားစုနှင့် ပတ်ဝန်းကျင်မှ လူများအတွက်ပါ ရောဂါ ကူးစက်မှု မရှိစေရေး ပူးပေါင်း ဆောင်ရွက်ရန် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ နှိုးဆော်ထားသည်။
.
ကမ္ဘာ့နိုင်ငံများနှင့် နယ်မြေဒေသများတွင် COVID-19 အတည်ပြု လူနာပေါင်း ၁၄၇၉၁၆၈ ဦးထိ တွေ့ရှိထားကာ ယင်းအနက် သေဆုံးသူမှာ ၈၇၉၈၇ ဦး ရှိကြောင်း WHO ၏ ဧပြီလ ၁၀ ရက်က ထုတ်ပြန်ချက်များအရ သိရသည်။
.

Journal Download

Photo of three cats