သစ်ပင် ခုတ်ခြင်း မပြုရေး ပန်ကြားချက်ထုတ်ပြန်ရန် သစ်တောဦးစီးဌာနမှ စီစဉ်နေ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

သစ်ပင် ခုတ်ခြင်း မပြုရေး ပန်ကြားချက်ထုတ်ပြန်ရန် သစ်တောဦးစီးဌာနမှ စီစဉ်နေ

စုလှိုင်
.
ရှမ်းပြည်နယ်၏ မြို့တော် တောင်ကြီးမြို့တွင် သစ်ပင်များ ခုတ်ခြင်းနှင့် ပတ်သက်၍ သစ်တောဦးစီးဌာနမှ တောင်ကြီးမြို့ နေ ပြည်သူများကို ပန်ကြားချက် ထုတ်ပြန်ရန် စီစဉ်နေပြီး အသိပညာပေး ပိုစတာများကို ဧပြီလ ၈ ရက်တွင် စိုက်ထူသွားမည် ဖြစ်ကြောင်း သိရသည်။
.
" သစ်ပင်ကြီးတွေကို ခုတ်တာနဲ့ ပတ်သက်ပြီး မြို့ခံတွေကို ပန်ကြားတဲ့ ပန်ကြားချက် ထုတ်ပြန်ဖို့ ရှိတယ်။ တရားဥပဒေ စိုးမိုးရေးအဖွဲ့တွေနဲ့ ညှိနှိုင်းပြီး ပိုစတာလည်း စိုက်မယ် ပိုစတာ အကြီးတစ်ခု လွှတ်တော်နား အိမ်တော်ကနေ စ စိုက်မယ် နောက်ပိုင်းတွေလည်း စိုက်မယ်။ဟု ရှမ်းပြည်နယ် သစ်တောဦးစီးဌာန ညွှန်ကြားရေးမှူး ဦးခင်မောင်ဝင်းက ကမ္ဘောဇတိုင်းသို့ ပြောသည်။
.
ယခု လက်ရှိတွင် ဖြစ်ပွားနေသော COVID-19 ရောဂါ ကူးစက် ပြန့်ပွားမှု မရှိစေရေးအတွက် လူစုလူဝေး မပြုလုပ်ရန် အစိုးရမှ ညွှန်ကြားထားမှုကြောင့် လတ်တလောတွင် တောင်ကြီးမြို့ရှိ အိမ်တော်နားတွင် ပိုစတာ အကြီး တစ်ခုကို စိုက်ထူမည် ဖြစ်ကြောင်း သိရသည်။
.

“ ဒါနဲ့ ပတ်သက်လို့ အသိပညာ ပေးတဲ့ ကာတွန်းတွေ ဆွဲနေတယ် ကျောင်းတွေ ဖွင့်ရင် ကျောင်းတွေမှာလည်း ပညာ ပေးတာတွေ၊ ရပ်ကွက်တွေမှာ လိုက်ပြီး လက်ကမ်းစာစောင်တွေ ဖြန့်တာတွေ၊ လက်ကမ်း စာစောင့် ဖြန့်တာဆိုရင် ပုံနှိပ်ပြီးပြီ။ COVID-19 ကြောင့် ချက်ချင်း မလုပ်နိုင်သေးတာ။ဟု ညွှန်ကြားရေးမှူး ဦးခင်မောင်ဝင်းက ဆက်လက် ပြောဆိုသည်။
.
တောင်ကြီးမြို့တွင် သစ်ပင်ကြီးများအား အကြောင်း အမျိုးမျိုးကြောင့် ခုတ်လှဲ ခံနေရသည့် အပြင် မြို့ အရှေ့ဘက်ရှိ တောင်တန်းပေါ်တွင်လည်း သစ်ပင်များ ခုတ်ယူခံနေရသဖြင့် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဆောင်ရွက်သူများနှင့် ဒေသခံများက ပြစ်တင်ဝေဖန်မှုများ ပြုလုပ်နေလျက် ရှိသည်။
.
“ အဲလို လုပ်မယ်ဆိုရင် ကောင်းပါတယ်။ ဒါပေမဲ့ ဟန်ပြ မလုပ်ဖို့ဘဲ လိုတာပါ။ တောင်ကြီးအပြင် ဒီဘက်ဒေသမှာ သစ် မှောင်ခို လုပ်ငန်းက ရှိနေတာ အကုန် သိကြပါတယ်။ သဘာဝ ပတ်ဝန်းကျင်က တဖြည်းဖြည်း ဆိုးရွားလာနေပြီ။ သစ်မှောင်ခို လုပ်ငန်းတွေက ဌာနဆိုင်ရာတွေက ပါဝင် ပတ်သက်နေတော့ ရွှေသမင် ဘယ်က ထွက် ဆိုသလိုမျိုး ဖြစ်နေတယ်။” ဟု ဒေသခံ တစ်ဦးက ပြောသည်။
.
တောင်ကြီးမြို့ အနီး ဝန်းကျင်တွင် သစ်တောများမှာ မရှိသလောက် နည်းပါး သွားပြီ ဖြစ်ကာ မြို့တွင်းသို့ တရားမဝင် သစ်တင်ယာဉ်များလည်း အဆက်မပြတ် ဝင်ရောက်နေလျက်ရှိရာ ယင်းသစ်တင် ယာဉ်များသည် ဟိုပုံးမြို့နယ်၊ မိုင်းပျဉ်း ဒေသနှင့် ရပ်စောက်မြို့နယ်၊ နောင်ဝိုးဒေသဘက်မှ တောင်ကြီး၊ ရပ်စောက်၊ ဟိုပုံး၊ ညောင်ရွှေ စသည့် နေရာ ဒေသ အသီးသီးသို့ ဌာနဆိုင်ရာ ဝန်ထမ်းများအား သစ်တင်ယာဉ် (၁၀ ဘီး) တစ်စီးလျှင် အနည်းဆုံး ငွေကျပ် ၅ သိန်းကျော်ခန့် လာဘ်ငွေ အဖြစ် ပေးအပ်၍ ဝင်ရောက်ခွင့် ရရှိနေခြင်း ဖြစ်ကြောင်း သိရသည်။
.

Journal Download

Photo of three cats