လျှပ်စစ်ဓါတ်အား သုံးစွဲမှု ၁၅၀ ယူနစ်ထိ ကင်းလွတ်ခွင့်တွင် ရှမ်းအရှေ့ မပါဝင်သေး (ရုပ်သံ) - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်းသတင်းဂျာနယ်သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (မြဲ-၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် တရားဝင် သတင်းမီဒီယာ တစ်ခု ဖြစ်ပါသည်။

Tuesday, April 7, 2020

လျှပ်စစ်ဓါတ်အား သုံးစွဲမှု ၁၅၀ ယူနစ်ထိ ကင်းလွတ်ခွင့်တွင် ရှမ်းအရှေ့ မပါဝင်သေး (ရုပ်သံ)


ပြည်သူတွေ၊ ဘာသာရေး အဖွဲ့အစည်းတွေနဲ့ ပြည်တွင်း လူမှုရေးအဖွဲ့အစည်းတွေအတွက် အိမ်သုံး အမျိုးအစား လျှပ်စစ်ဓါတ်အား သုံးစွဲမှု ၁၅၀ ယူနစ်ထိကို ငွေကြေး ကောက်ခံမှု ကင်းလွတ်ခွင့် (အခမဲ့) အဖြစ် ဧပြီ လကုန်ထိ ပေးသွားမည့် အစီအစဉ်တွင် ရှမ်းပြည်နယ်အရှေ့ပိုင်း ဒေသတွေ မပါဝင်သေးဘူးလို့ သိရပါတယ်။
.
COVID 19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့် ကော်မတီက ဧပြီလ ၆ ရက်မှာ COVID 19 နဲ့ စပ်လျဉ်းပြီး အရေးကြီးကာလ ဖြစ်တဲ့ မဟာ သင်္ကြန် ရုံးပိတ်ရက်ရှည် ကာလအတွင်း ပုံမှန် ဝင်ငွေ မရှိတဲ့ အခြေခံ လူတန်းစားတွေအတွက် ရိက္ခာတွေကို အစိုးရက ထောက်ပံ့ ပေးအပ်သွားမှာ ဖြစ်ကြောင်းနဲ့ အိမ်သုံး အမျိုးအစား လျှပ်စစ်ဓါတ်အား သုံးစွဲမှု ၁၅၀ ယူနစ်ထိကို ငွေကြေး ကောက်ခံမှု ကင်းလွတ်ခွင့် (အခမဲ့)ကို ဧပြီလကုန်ထိ ပေးသွားမှာ ဖြစ်တယ်လို့ ထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။
.
ခု နိုင်ငံတော်သမ္မတရုံးရဲ့ ထုတ်ပြန် ကြေညာချက်က မဟာဓါတ်အားလိုင်း ယူနစ် သုံးစွဲတဲ့ နေရာတွေနဲ့ အကျုံးဝင်မှာ ဖြစ်ပြီး လျှပ်စစ်ပြည်နယ်ရုံးခွဲကလည်း ညွှန်ကြားချက် မရသေးဘူးလို့ သိရတယ်လို့ ရှမ်းပြည်နယ် ဒုတိယအုပ်ချုပ်ရေးမှူး ဦးရဲနိုင်က ပြောပါတယ်။
.
ရှမ်းပြည်နယ် အရှေ့ပိုင်းမှာ ရှိတဲ့ ဒေသတွေဟာ နိုင်ငံတော် မဟာဓါတ်အားလိုင်း လျှပ်စစ် ဓါတ်အားပေး စနစ်နဲ့ လျှပ်စစ် ရယူ သုံးစွဲနေတာ မဟုတ်ဘဲ မြန်မာ့လျှပ်စစ် ဓါတ်အားဖြန့်ဖြူးရေးဌာနက ဒီဇယ်သုံး လျှပ်စစ် ဖြန့်ဖြူးတာ ၊ ကုမ္ပဏီကနေ ထုတ်လုပ် ဖြန့်ဖြူးတာ ၊ တဆင့်ဝယ်ယူပြီး ဖြန့်ဖြူးတာသာ ဖြစ်တယ်လို့လည်း သိရပါတယ်။
.
ရှမ်း အရှေ့လည်း မြန်မာနိုင်ငံသားတွေဆိုတော့ သက်သာခွင့် ရချင်ပါကြောင်း မဟာဓါတ်အားလိုင်းကနေ ပေးတာ မဟုတ်ပေမဲ့ လျှပ်စစ်ဝန်ကြီးဌာနနဲ့ သဘောတူ စာချုပ်ပြီးမှ လုပ်နေတာ ဆိုတော့ ညှိနှိုင်း ပေးစေချင်ပါတယ်လို့ ပုဂ္ဂလိက လျှပ်စစ်ဓါတ်အား စနစ်ကို သုံးစွဲနေတဲ့ ဒေသခံတစ်ဦးက ပြောပါတယ်။
.
ရှမ်းပြည်နယ် အရှေ့ပိုင်းရဲ့ မြို့တော်ဖြစ်တဲ့ ကျိုင်းတုံမြို့မှာ ကျိုင်းတုံစွမ်းအင် ကုမ္ပဏီမှ လျှပ်စစ်ဓါတ်အား ဖြန့်ဖြူးရေးလုပ်ငန်းကို အလှည့်ကျ မီးပေးတဲ့ စနစ်နဲ့ ဆောင်ရွက်ပေးနေတာ ဖြစ်ပြီး အခြားသော မြို့နဲ့ ကျေးရွာတွေမှာလည်း နည်းတူပင် ဖြစ်ကာ ကျေးရွာ အများစုမှာ လျှပ်စစ်မီး ရရှိသုံးစွဲနိုင်သေးတာ မရှိဘူးလို့လည်း သိရပါတယ်။
.
ရှမ်းပြည်နယ်အရှေ့ပိုင်းမှာ ရှိတဲ့ ကျိုင်းတုံ၊ မိုင်းဆတ်၊ တာချီလိတ်ခရိုင် ၃ ခု အိမ်ထောင်စု ၂၀၈၉၄၇ အနက် နိုင်ငံတော် ဓါတ်အား မဟုတ်တဲ့ ပုဂ္ဂလိက လျှပ်စစ်ဓါတ်အားပေး စနစ်နဲ့ လျှပ်စစ်မီး ရယူ သုံးစွဲနိုင်တဲ့ အိမ်ထောင်စုမှာ ၃၉၇၁၆ သာ ရှိသေးကြောင်း လျှပ်စစ်နဲ့ စွမ်းအင်ဝန်ကြီးဌာနရဲ့ အချက်အလက်တွေအရ သိရပါတယ်။

No comments:

Post a Comment

Journal Download

Photo of three cats

About