သီပေါမြို့နယ်ရှိ တောင်ယာတဲနှင့် ဝန်းကျင်တွင် အမည်မသိ လူ ၅ ဦးကို သေနတ် ဒဏ်ရာများဖြင့် သေဆုံးနေလျက် တွေ့ရှိ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

သီပေါမြို့နယ်ရှိ တောင်ယာတဲနှင့် ဝန်းကျင်တွင် အမည်မသိ လူ ၅ ဦးကို သေနတ် ဒဏ်ရာများဖြင့် သေဆုံးနေလျက် တွေ့ရှိ

မင်းဇော်မင်း
.
ရှမ်းပြည်နယ်မြောက်ပိုင်း၊ သီပေါမြို့နယ်၊ ကွန်ခိုက်ကျေးရွာအုပ်စု၊ ကုံးမုံကျေးရွာအနီးရှိ တောင်ယာတဲ ဝန်းကျင်တွင် ဧပြီလ ၉ ရက်၊ နံနက်ပိုင်းက အမည်မသိ အမျိုးသား ၃ ဦး၊ အမျိုးသမီး ၂ ဦး၊ စုစုပေါင်း ၅ ဦးကို သေနတ်ဒဏ်ရာများဖြင့် သေဆုံးနေလျက် တွေ့ရှိခဲ့ရကြောင်း သိရသည်။
.
မန္တလေး-လားရှိုးသွား ပြည်ထောင်စု ကားလမ်းမကြီး မိုင်တိုင်အမှတ် ၁၄၈/၄ နှင့် ၁၄၈/၅ အကြား လမ်းမကြီး၏ ဝဲဘက် ၄ မိုင်ခန့် အကွာရှိ တောင်ယာတဲ အတွင်းနှင့် တဲအနီး ဝန်းကျင်တွင် သေဆုံးသူများကို တွေ့ရခြင်း ဖြစ်ကာ သေဆုံးသူများ၏ အမည်နှင့် နေရပ်လိပ်စာများကို ရဲတပ်ဖွဲ့က စုံစမ်းနေလျက် ရှိကြောင်း သိရသည်။
.

ကုံးမုံကျေးရွာအနီးရှိ တောင်ယာတဲ၏ ခြံစည်းရိုးအပြင်ဘက်၌ အသက် ၅၀ ဝန်းကျင်ခန့် အမျိုးသားတွင် နဖူး ကျည်ဖောက်ဝင်(နောက်စေ့ကျည်ထွက်)ဒဏ်ရာ ၁ ချက်နှင့် ဝဲဘက်ပေါင် ကျည်ဖောက်ဝင် ဒဏ်ရာ ၂ ချက် ဖြင့် လည်းကောင်း၊ တဲအတွင်း ကွပ်ပျစ်ပေါ်၌ အသက် ၄၈ နှစ်ခန့် အမျိုးသားတွင်  ကျောကုန်း ကျည်ဖောက်ဝင်၍ ဝဲဘက်ဝမ်းဗိုက် ကျည်ဖောက်ထွက် ဒဏ်ရာ ၁ ချက်၊ ယာဘက်ပေါင် ကျည်ဖောက်ထွက် ဒဏ်ရာ ၁ ချက် ဖြင့် လည်းကောင်း၊ တဲအတွင်း အိပ်ယာပေါ်၌ အသက် ၁၂ နှစ်ခန့်ရှိ လူငယ်အမျိုးသားတွင် ဝဲဘက် ကျောကုန်းမှ ကျည် ဖောက်ဝင်၍ ရင်ဘတ် ကျည်ဖောက်ထွက်ဒဏ်ရာ ၂ ချက်၊ ဝဲဘက်ပေါင် ကျည်ဖောက်ဝင် ဒဏ်ရာ ၁ ချက်နှင့် ယာဘက် ခြေသလုံး ကျည်ဖောက်ဝင် ဒဏ်ရာတို့ဖြင့် လည်းကောင်း သေဆုံးနေသည်ကို တွေ့ရှိရခြင်း ဖြစ်ကြောင်း သိရသည်။
.
ထို့အတူ တောင်ယာတဲ အဝင်ပေါက် မီးဖိုအနီး၌ အသက် ၄၈ နှစ်ခန့် အမျိုးသမီးတွင် ကျောကုန်းမှ ကျည်ဖောက် ဝင်၍ ရင်ဘတ် ပွင့်ထွက် ဒဏ်ရာ ၂ ချက်၊ နောက်စေ့ ကျည်ဖောက်ဝင်ကာ နဖူးမှ ကျည်ထွက် ဒဏ်ရာ ၁ ချက်ဖြင့် လည်းကောင်း၊ တဲအတွင်း ပန်းကန်စင်အနီး၌ အသက် ၂၀ ခန့် အမျိုးသမီးတွင် ကျောကုန်းမှ ကျည်ဖောက်ဝင်၍ ရင်ဘတ် ကျည်ဖောက်ထွက် ဒဏ်ရာ ၂ ချက်၊  ဝဲဘက်လက်ဖျံတွင် ကျည်ဖောက်ဝင် ဒဏ်ရာ ၁ ချက်နှင့် ဝဲဘက်လက်ခုံတွင် ကျည်ဖောက်ဝင် ဒဏ်ရာ ၁ ချက်ဖြင့် လည်းကောင်း သေဆုံးနေသည်ကို တွေ့ရှိရကြောင်း သိရသည်။
.
ရဲတပ်ဖွဲ့ဝင်များ တောင်ယာတဲနှင့် အနီးဝန်းကျင်တွင် ရှာဖွေမှုများ ပြုလုပ်ရာ တဲအတွင်း ကွပ်ပျစ်ပေါ်၌ သေဆုံးနေသူ အသက် ၄၈ နှစ်ခန့်ရှိ အမျိုးသား အလောင်း အနီးတွင် ကပ်ခွာအိတ်ဖြင့် ထည့်ထားသည့် WY စိတ်ကြွဆေးပြား ၁၉၅ ပြား ၊ ပလပ်စတစ်အဖြူရောင် ဘူးအတွင်းမှ ဘိန်းဖြူဟု ယူဆရသည့် ဖြူဝါရောင်အမှုန့် အလေးချိန် ၃ ဂရမ်ခန့် တို့ကို တွေ့ရှိရပြီး ခြံစည်းရိုးအနီးတွင် ၅ ဒသမ ၅၆ ကျည်ခွံ ၇ ခုနှင့် တဲအတွင်းမှ ၇ ဒသမ ၆၂ ကျည်ခွံ ၁၀ ခု တို့အား တွေ့ရှိရကာ ယင်းသက်သေခံပစ္စည်းများအား ရှာဖွေပုံစံဖြင့် သိမ်းယူခဲ့ပြီး သေဆုံးသူများအား သီပေါအခြေစိုက် နယ်စည်းမခြား ပရဟိတအသင်းမှ မော်တော်ယာဉ်များဖြင့် သီပေါဆေးရုံသို့ ပို့ဆောင်ထားကြောင်း သိရသည်။
.

အဆိုပါ သေနတ်ဖြင့် ပတ်ခတ်သတ်ဖြတ်သူများကို ဥပဒေအရ အရေးယူနိုင်ရန်အတွက် သီပေါမြို့မရဲစခန်းမှ (ပ) ၃၄/၂၀၂၀၊ ရာဇသတ်ကြီးပုဒ်မ ၃၀၂/၁၁၄ တို့ဖြင့် အမှုဖွင့် ဆောင်ရွက်ထားပြီး သေဆုံးသူများ၏ အမည်နှင့် နေရပ်လိပ်စာများအား သိရှိနိုင်ရန် စုံစမ်း စစ်ဆေးမှုများ ပြုလုပ်နေကြောင်း သိရသည်။
.
သီပေါမြို့နယ်၊ ကုံးမုံကျေးရွာအနီးတွင် ပြီးခဲ့သည့် ဇန်နဝါရီလ ၂၄ ရက်က သေနတ်ဖြင့် ပစ်သတ်ခံထားရသည့် အလောင်း ၃ လောင်းကို လည်းကောင်း၊ ဇန်နဝါရီလ ၁၁ ရက်တွင် သေနတ်ဖြင့် ပစ်သတ်ခံထားရသည့် အလောင်း ၂ လောင်းကို လည်းကောင်း၊ ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလ၂၈ ရက်တွင် သေနတ်ဖြင့် ပစ်သတ်ခံထားရသည့် အလောင်း ၃ လောင်းကို တွေ့ရှိခဲ့သေးကြောင်း သိရသည်။
.

Journal Download

Photo of three cats