ကွတ်ခိုင်မြို့နယ်တွင် ၁၈ ဘီလီယံကျော် တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ထပ်မံ သိမ်းဆည်းရမိ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

ကွတ်ခိုင်မြို့နယ်တွင် ၁၈ ဘီလီယံကျော် တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ထပ်မံ သိမ်းဆည်းရမိ


စိုင်းသိင်္ခသူ
.
ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကွတ်ခိုင်မြို့နယ်၊ လွယ်ခမ်ကျေးရွာရှိ နေအိမ် ၂ အိမ်၏ ခြံဝန်းတွင်း သိုဝှက်ထားသည့် ငွေကျပ် ၁၈ ဘီလီယံ တန်ဖိုးရှိ မူးယစ်ဆေးဝါးများကို ဧပြီ ၄ ရက်တွင် ထပ်မံ ဖမ်းဆီးရမိကြောင်း တပ်မတော်၏ ထုတ်ပြန်ချက်အရ သိရသည်။
.
ကွတ်ခိုင်မြို့နယ်အတွင်း လုံခြုံရေး ဆောင်ရွက်နေသော တပ်ဖွဲ့၀င်များသည် လွယ်ခမ်ကျေးရွာရှိ လောယုံ၏ နေအိမ် ၀င်း အတွင်းရှိ မြေအောက်ခန်းအတွင်းမှ WY စာတန်းပါ စိတ်ကြွရူးသွပ်ဆေးပြား ၈၂၄၀၀၀၀ ပြား၊  88/1 စာတန်းပါ စိတ်ကြွ ရူးသွပ်ဆေးပြား ၄၂၀၀၀၀ ပြား၊ ဘိန်းညိုမှုန့် ၅ ကီလို၊ ဘိန်းစိမ်း ၅ ကီလို (စုစုပေါင်းခန့်မှန်း တန်ဖိုးငွေကျပ် ၁၇ ဘီလီယံကျော်) တွေ့ရှိ သိမ်းဆည်း ရမိခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
.

ထို့အတူ ဧပြီ ၄ ရက်တွင် လွယ်ခမ်ကျေးရွာရှိ ဦးလောက်စိမ်း(ဘ) ဦးလောက်ကျန်ရှဲ့၏ နေအိမ် အဆောက်အဦအတွင်း ၀င်ရောက် ရှာဖွေရာ နေအိမ် ထင်းပုံအတွင်းမှ 88/1 စာတန်းပါ စိတ်ကြွရူးသွပ်ဆေးပြား ၆၉၀၀၀၀ ပြား(ခန့်မှန်း တန်ဖိုးငွေ ကျပ် ၁ ဘီလီယံကျော်)ကို တွေ့ရှိ သိမ်းဆည်းရမိခဲ့ပြီး ၂ ရက်အတွင်း စုစုပေါင်း ငွေကျပ် ၁၈ ဘီလီယံ​ကျော်ကို သိမ်းဆည်း ရမိခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
.
ကွတ်ခိုင်မြို့နယ်အတွင်း၌ ဖေဖော်ဝါရီ ၂၈ ရက်မှ ယနေ့ (ဧပြီလ ၇ ရက်)အထိ  ဖမ်းဆီးရမိသော မူးယစ်ဆေးဝါးနှင့် ဆက်စပ်ပစ္စည်းများ၏ စုစုပေါင်း တန်ဖိုးငွေမှာ ကျပ် ၄၁၂ ဘီလီယံကျော် ရှိပြီ ဖြစ်ပြီး မူးယစ်ဆေးဝါးနှင့် ဆက်စပ်ပစ္စည်းများကို သက်ဆိုင်ရာသို့ စနစ်တကျ လွှဲပြောင်းအပ်နှံ သွားမည် ဖြစ်ကြောင်း တပ်မတော်က ထုတ်ပြန်ထားသည်။
.

Journal Download

Photo of three cats