ရှမ်းပြည်နယ်အတွင်းမှာ ရှိတဲ့ ယာဉ်လိုင်းတွေ၊ ဟိုတယ်တွေနဲ့ တည်းခိုခန်းတွေ ပိတ်သိမ်းဖို့ ထုတ်ပြန် (ရုပ်သံ) - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

ရှမ်းပြည်နယ်အတွင်းမှာ ရှိတဲ့ ယာဉ်လိုင်းတွေ၊ ဟိုတယ်တွေနဲ့ တည်းခိုခန်းတွေ ပိတ်သိမ်းဖို့ ထုတ်ပြန် (ရုပ်သံ)



ရှမ်းပြည်နယ်အတွင်းမှာ ရှိတဲ့ ယာဉ်လိုင်းတွေ၊ ဟိုတယ်တွေနဲ့ တည်းခိုခန်းတွေကို COVID-19 ကာကွယ် ထိန်းချုပ်ဖို့အတွက် ပိတ်သိမ်းဖို့နဲ့ ပြည်သူတွေ အနေနဲ့ သွား/လာ လည်ပတ်တာတွေ မပြုလုပ်ဖို့ ရှမ်းပြည်နယ် COVID-19  ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး ပြည်နယ်အဆင့် လုပ်ငန်းကော်မတီက ဧပြီလ ၆ ရက်မှာ ထုတ်ပြန်ခဲ့ပါတယ်။
.
အမိန့် ကြော်ငြာစာ မဟုတ်ဘဲ ပန်ကြားလွှာသာ ဖြစ်ပြီး ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းနဲ့ ဒေသတွေ၊ ပြည်နယ် အုပ်ချုပ်ရေးမှူးတွေ၊ ခရိုင် စီမံခန့်ခွဲမှုကော်မတီတွေဆီကို စာထွက်ထားတယ်လို့ ရှမ်းပြည်နယ် COVID-19  ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး ပြည်နယ်အဆင့် လုပ်ငန်းကော်မတီ ဥက္ကဌ၊ ရှမ်းပြည်နယ် လူမှုရေးဝန်ကြီး ဒေါက်တာ မျိုးထွန်းက ပြောပါတယ်။
.
COVID-19 ရောဂါကို ဒေသ တစ်ခုမှာ ဖြစ်စေ၊ ဒေသတစ်ခု ထက် ပိုပြီး ဖြစ်စေ ကူးစက်ပြန့်ပွားမှု ဖြစ်ပွား မလာစေဖို့အတွက် ကာကွယ်တဲ့ လုပ်ငန်းတွေကို အထူး ဂရုပြု ဆောင်ရွက်ရမှာ ဖြစ်တာကြောင့် ရှမ်းပြည်နယ်အတွင်းမှာ ဧပြီလ ၇ ရက်ကနေ ၂၁ ရက်အထိ ယာဉ်လိုင်းတွေ၊ ဟိုတယ်တွေနဲ့ တည်းခိုခန်းတွေ ပိတ်သိမ်းထားဖို့နဲ့ သွား/လာ လည်ပတ်တာတွေ မပြုလုပ်ဖို့ တားမြစ် ပန်ကြားခဲ့တာ ဖြစ်ပါတယ်။
.
အဲဒီ ပန်ကြားစာမှာ ရှမ်းပြည်နယ်အတွင်းမှာရှိတဲ့ ပြည်သူတွေ အနေနဲ့ COVID-19 ရောဂါ ကူးစက်မှု မခံရစေဖို့အတွက် ခရီးသွားလာတာတွေကို လျှော့ချဖို့၊ စားသောက်ကုန်နဲ့ ဆေးဝါး၊ ဆေးပစ္စည်း၊ စက်သုံးဆီတွေ မပြတ်လပ်စေဖို့အတွက် ကုန်စည် ပို့ဆောင်ရေးလုပ်ငန်းတွေကို ဆက်လက် ဆောင်ရွက်ဖို့၊ ဟိုတယ်၊ တည်းခိုခန်းတွေ ပိတ်ထားကြဖို့နဲ့ ကစားကွင်း၊ ပန်းခြံ၊ ရေတံခွန်နဲ့ အများ ပြည်သူ သွားလာနိုင်တဲ့ တခြားနေရာတွေကိုလည်း သွားလာ လည်ပတ်တာတွေ မပြုလုပ်ဖို့ ဖော်ပြထားပါတယ်။
.
အဲဒီအပြင် ပြည်သူတွေ အနေနဲ့ တတ်နိုင်သလောက် မိမိ နေအိမ်အတွင်းမှာ နေထိုင်ကြဖို့၊ မလိုအပ်ဘဲ အပြင်ကို လုံးဝ မထွက်ဖို့နဲ့၊ မဖြစ်မနေ ထွက်မယ်ဆိုရင်လည်း နှာခေါင်းစည်း တပ်ဆင်ပြီးမှသာ အပြင်ကို ထွက်ခွာ ကြဖို့နဲ့ ပြည်သူတွေရဲ့ အကျိုးအတွက် ရည်ရွယ် မေတ္တာ ရပ်ခံ ပန်ကြားတာ ဖြစ်တဲ့အတွက် တိကျစွာ လိုက်နာ ဆောင်ရွက်ဖို့ကိုလည်း ဖော်ပြထားပါတယ်။
.
အဲဒီ ထုတ်ပြန်ပန်ကြားချက်ကို ရှမ်းပြည်နယ် အစိုးရအဖွဲ့က  ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း/ ဒေသ၊ ပြည်နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနတွေနဲ့ ခရိုင်အဆင့် စီမံခန့်ခွဲမှု ကော်မတီတွေကို ပေးပို့ထားပြီး ပြည်သူတွေကို ဆက်လက် အသိပေးသွားဖို့ ညွှန်ကြားထားတယ်လို့ သိရပါတယ်။
.
ရှမ်းပြည်နယ် COVID-19  ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး ပြည်နယ်အဆင့် လုပ်ငန်းကော်မတီကို ပြည်နယ် အစိုးရ အဖွဲ့ဝင်တွေ၊ ပြည်နယ်အဆင့် ဌာနဆိုင်ရာ အကြီးအကဲတွေနဲ့ ဇန်နဝါရီလ ၃၁ ရက်က ဖွဲ့စည်းထာတာ ဖြစ်ပါတယ်။
.
#KBZTai  #Shan  #Broadcasting

Journal Download

Photo of three cats