ရှမ်းပြည်နယ်အတွင်းက ယာဉ်လိုင်းတွေ၊ ဟိုတယ်နဲ့ တည်းခိုခန်းတွေကို COVID-19 ကာကွယ် ထိန်းချုပ်ဖို့ အတွက် ပိတ်သိမ်းနိုင်ရေး ရှမ်းပြည်နယ်အတွင်း ကိုရိုနာဗိုင်းရပ်စ်ဖြစ်ပွားမှု မရှိစေရေးအတွက် စောင့်ကြပ်စစ်ဆေးကုသရေး ကြီးကြပ်မှု ကော်မတီက အမျိုးသားအဆင့် ဗဟိုကော်မတီဆီကို တင်ပြထားပါတယ်။
.
COVID-19 ရောဂါကို ဒေသ တစ်၊ ဒေသတစ်ခုထက် ပိုပြီး ကူးစက်ပြန့်ပွားမှု ဖြစ်ပွား မလာစေရေးအတွက် ကာကွယ်ခြင်း လုပ်ငန်းတွေကို ဧပြီလ ၇ ရက်ကနေ ၂၁ ရက်အထိ ယ ယာဉ်လိုင်းတွေ၊ ဟိုတယ်နဲ့ တည်းခိုခန်းတွေကို ပိတ်သိမ်းထားနိုင်ဖို့ တင်ပြထားတာ ဖြစ်ပါတယ်။
.
ရောဂါက ပိုပြီးတော့ ပျံ့လာတာ ဖြစ်ပြီး ပေါက်ခေါင်းက အတည်ပြုလူနာ ၄ ယောက်ဟာ မိသားစုကနေ ပြန်ကူးတဲ့ အနေအထား ဖြစ်လာတဲ့ အတွက်ဟိုတယ်တွေ၊ တည်းခိုခန်းတွေ အကုန် ပိတ်ခိုင်းမယ် ဆိုပြီး အမျိုးသားအဆင့် ဗဟိုကော်မတီကို တင်ပြလိုက်တာ ဖြစ်ကြောင်းနဲ့ ဗဟိုက ခွင့်ပြုလာရင် တစ်ပြည်နယ်လုံး အကျုံးဝင်အောင် ထပ်ပြီး ထုတ်ပြန်မယ်လို့ရှမ်းပြည်နယ်အတွင်း၌ ကိုရိုနာဗိုင်းရပ်စ်ဖြစ်ပွားမှု မရှိစေရေးအတွက် စောင့်ကြပ်စစ်ဆေးကုသရေး ကြီးကြပ်မှု ကော်မတီ ဥက္ကဌ ဖြစ်တဲ့ ရှမ်းပြည်နယ်အစိုးရ အဖွဲ့ဝင် လူမှုရေးဝန်ကြီး ဒေါက်တာမျိုးထွန်းက ပြောပါတယ်။
.
အမျိုးသားအဆင့် ဗဟိုကော်မတီက ခွင့်ပြုလာပါက ရှမ်းပြည်နယ် အတွင်းရှိ ခရီးသည် ပို့ဆောင်ရေးလုပ်ငန်းများ ရပ်နားသွားကြရန်၊ ဟိုတယ်၊ တည်းခိုခန်းများ ပိတ်ထားရန်၊ ကစားကွင်း၊ ပန်းခြံ၊ ရေတံခွန်နှင့် အများပြည်သူ သွားလာနိုင်သည့် အခြား နေရာများကိုလည်း သွားလာ လည်ပတ်ခြင်းများ မပြုလုပ်ကြရန်၊ ပြည်သူများအနေဖြင့် အခြား ပြည်နယ်/တိုင်းဒေသများသို့ ဆေးကုသရန်နှင့် နာရေးကိစ္စမှ လွဲ၍ အခြားကိစ္စများအတွက် ခရီး သွားလာလိုပါက မိမိနေထိုင်ရာ COVID-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး မြို့နယ်အဆင့်လုပ်ငန်းကော်မတီ၏ ထောက်ခံချက် ရယူပြီးမှ သွားလာကြပါရန်၊ စားသောက်ကုန်နှင့် ဆေးဝါး၊ ဆေးပစ္စည်းများ၊ စက်သုံးဆီများ မပြတ်လပ်စေရေးအတွက် ကုန်စည် ပို့ဆောင်ရေးလုပ်ငန်းများကို ဆက်လက်ဆောင်ရွက်ရန် ထုတ်ပြန် ကြေညာရန် စီစဉ်ထားတယ်လို့ သိရပါတယ်။
.
ပြည်သူလူထုအနေနဲ့ သွားရေး၊ လာရေး၊ စားသောက်ရေး အခက်အခဲ ရှိမှာကိုနားလည်သော်လည်း ရောဂါအခြေနေက မထုတ်ပြန်၍ မရတဲ့ အနေထား ဖြစ်လာတာမို့ အခုလို စီစဉ်ရခြင်း ဖြစ်ပြီး ပြည်သူတွေ အနေနဲ့ မလိုအပ်ပဲ ခရီး မသွားဖို့၊ ဖြစ်နိုင်ရင် အိမ်ထဲမှာပဲ နေဖို့ ထုတ်ပြန်ဖို့ လုပ်နေတယ်လို့ ဝန်ကြီး ဒေါက်တာ မျိုးထွန်းက ရှင်းပြပါတယ်။
.
ရှမ်းပြည်နယ်အတွင်း၌ ကိုရိုနာဗိုင်းရပ်စ် ဖြစ်ပွားမှု မရှိစေရေးအတွက် စောင့်ကြပ်စစ်ဆေးကုသရေး ကြီးကြပ်မှု ကော်မတီကို ဇန်နဝါရီလ ၃၁ ရက်က ဖွဲ့စည်းခဲ့တာ ဖြစ်ပြီး ပြည်သူများအနေနဲ့ Stay at home မိမိနေအိမ်အတွင်းသာ နေထိုင်ကြရန်၊ မလိုအပ်ဘဲ အပြင်သို့ လုံးဝ မထွက်ရန်နဲ့ မဖြစ်မနေ ထွက်ရပါကလည်း နှာခေါင်းစည်း(Mask) တပ်ဆင်ပြီးမှသာ အပြင်သို့ ထွက်ခွာကြဖို့အတွက် ရှမ်းပြည်နယ် အတွင်း၌ ကိုရိုနာဗိုင်းရပ်စ် ဖြစ်ပွားမှု မရှိစေရေးအတွက် အထူး မေတ္တာရပ်ခံ ပန်ကြားထားပါတယ်။