မိုင်းလားတွင် တရုတ်မှ ပြန်လာသည့် Facility Quarantine ဝင်နေသူ ၃၀၀၀ ကျော် ရှိနေ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်းသတင်းဂျာနယ်သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (မြဲ-၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် တရားဝင် သတင်းမီဒီယာ တစ်ခု ဖြစ်ပါသည်။

Sunday, April 19, 2020

မိုင်းလားတွင် တရုတ်မှ ပြန်လာသည့် Facility Quarantine ဝင်နေသူ ၃၀၀၀ ကျော် ရှိနေ

မင်းဇော်မင်း
.
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ အထူးဒေသ(၄)၊ မိုင်းလားတွင် တရုတ်နိုင်ငံမှ ပြန်လည် ဝင်ရောက်လာပြီး Facility Quarantine ဝင်နေရသူ ဦးရေ ၃၀၀၀ ကျော် ရှိနေကြောင်း သိရသည်။
.
ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ လင်းထွဋ်နှင့် အစိုးရအဖွဲ့ဝင်များ ဧပြီလ ၁၈ ရက်က မိုင်းယန်းသို့ ရောက်ရှိစဉ် မိုင်းလား ငြိမ်းချမ်းရေးနှင့် စည်းလုံးညီညွတ်ရေးကော်မတီဝင် ဦးခမ်းမောင်က မိုင်းယန်းမြို့နယ် အထွေထွေ အုပ်ချုပ်ရေးဌာရုံးခန်းမသို့ လာရောက် တွေ့ဆုံ ပြောကြားခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
.
မြန်မာနိုင်ငံ ရွှေ့ပြောင်း အလုပ်သမားများသည် တရုတ်နိုင်ငံနှင့် မိုင်းလားဒေသအတွင်း အလုပ် လုပ်ကိုင်သူများဖြစ်ပြီး အလုပ်အကိုင် မရှိ၍ ၎င်းတို့ နေရပ်အသီးသီးသို့ ပြန်လည် ထွက်ခွာချင်သော်လည်း အစိုးရ၏ စည်းကမ်း သတ်မှတ်ချက်အရ မိုင်းလား၊ ဆီလူး၊ နမ့်ပန်း ဒေသ ၃ ခုတွင် အလုပ်သမား စုစုပေါင်း ၃၀၈၆ ဦးအား ထိန်းသိမ်း စောင့်ရှောက်ထားကြောင်း၊ ဆီလူးတွင် ၁၁၄၆ ဦး၊ မိုင်းလားတွင် ၇၈၃ ဦး၊ နမ့်ပန်းတွင် ၁၁၅၇ ဦး အား ကျွေးမွေး စောင့်ရှောက်ထားသဖြင့် အဓိက လိုအပ်သည့် ရိက္ခာဆန်များ ထောက်ပံ့ပေးနိုင်ရန်အတွက် ဦးခမ်းမောင်က ရှမ်းပြည်နယ်အစိုးရသို့ တင်ပြခဲ့ကြောင်း သိရသည်။
.
ယင်းကဲ့သို့ တင်ပြမှုအရ ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ ဆန်အိတ် ၄၀၀ ထောက်ပံ့ပေးမည် ဖြစ်ကာ မိုင်းလားနယ်မြေရှိ အလုပ်သမားများအား ပြန်လည် ခေါ်ဆောင်နိုင်ရေး လုပ်ဆောင်နေကြောင်း ပြောကြားခဲ့သည်ဟု သိရသည်။
.

ထို့အပြင် Facility Quarantine သတ်မှတ်ရက် ပြည့်ပြီးသူများအား အစိုးရက လက်ခံစေလိုကြောင်း အထူးဒေသ(၄) တာဝန်ရှိသူများက တင်ပြခဲ့ရာ ရှမ်းပြည်နယ် လူမှုရေးဝန်ကြီး ဒေါက်တာ မျိုးထွန်းက ယခု ထားရှိသည့် အလုပ်သမားများအား သတ်မှတ် စောင့်ကြည့်ရက် ၂၁ ရက် မပြည့်မီ ၅ ရက်အလိုတွင် အလုပ်သမားပျှမ်းမျှ ၁၀၀ ဦးအနက် ၅ ဦး သို့မဟုတ် ၁၀ ဦး၏ ဓါတ်ခွဲနမူနာအား ရယူ၍ ရန်ကုန်သို့ ပို့ဆောင်စေမည် ဖြစ်ပြီး အကယ်၍ ရောဂါပိုး တွေ့ပါက ကျိုင်းတုံဆေးရုံသို့ ပို့ဆောင် ကုသနိုင်ရန် ဆောင်ရွက်သွားမည်ဟု ပြောကြားခဲ့သည်။
.
အဆိုပါ တွေ့ဆုံပွဲတွင် ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်နှင့် အတူ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ ဖြစ်သည့် ဒေါက်တာ မျိုးထွန်း၊  ဦးခွန်ရဲထွေး၊ ဦးစိုင်းစွံဆိုင်း၊ ဒေါက်တာ အောင်သန်းမောင်၊ ဦးအာဗေလနှင့် လွှတ်တော်ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာ အကြီးအကဲများ၊ အထူးဒေသ(၄) မိုင်းလားမှ  ငြိမ်းချမ်းရေးနှင့် စည်းလုံးရေးကော်မတီဝင် ဦးခမ်းမောင်နှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။
.
မိုင်းယန်းသို့ ပြီးခဲ့သည့် ဧပြီလ ၇ ရက်က ရောက်ရှိလာသည့် ရခိုင်တိုင်းရင်းသား အများစု ပါဝင်သည့် အလုပ်သမား၂၇၇ ဦးအား ဆီလူးဒေသတွင် အစိုးရ၏ လမ်းညွှန်ချက်အတိုင်း Facility Quarantine ထားရှိရန် အထူးဒေသ (၄) သို့ ပြန်လည် လွှဲပြောင်း ပေးအပ်ခဲ့ပြီးနောက် အလုပ်သမား၂၀၀ ကျော် ထပ်မံ၍ ရောက်ရှိလာခဲ့ခြင်း ဖြစ်ကြောင်း သိသည်။
.

No comments:

Post a Comment

Journal Download

Photo of three cats

About