မင်းဇော်မင်း
ရှမ်းပြည်နယ်တောင်ပိုင်း၊
ကလောမြို့နယ်၊ ဟဲဟိုးမြို့၊ စကားအင်းကျေးရွာအုပ်စု၊ နတ်ကန်ကျေးရွာတွင် ဧပြီလ ၃ ရက်
ညနေပိုင်းတွင် သောက်စားမူးယစ်၍ နေအိမ်အား မီးရှို့မည့်သူကို ကျေးရွာလူထုက ဝိုင်းဝန်း
တားမြစ်စဉ် ယင်း အမူးသမားက ဓားဖြင့် ထိုးခဲ့ခြင်းကြောင့် လူ ၂ ဦး ဒဏ်ရာများ ရရှိပြီး
တောင်ကြီးစဝ်စံထွန်းဆေးရုံ၌ ဆေး ကုသမှု ခံယူနေစဉ် ဓားဖြင့် ထိုးခံရသူများအနက် တစ်ဦးမှာ
သေဆုံးခဲ့ရကြောင်း ဟဲဟိုးနယ်မြေရဲစခန်းမှ သိရသည်။
.
ဟဲဟိုးမြို့၊
စကားအင်းကျေးရွာအုပ်စု၊ လယ်ခေါင်းကျေးရွာအုပ်စု၊ နတ်ကန်ကျေးရွာတွင် တကျော်သည် အရက်
သေစာ သောက်စား မူးယစ်ပြီး ထင်းမီးစ ကိုင်ဆောင်၍ ၎င်း၏ နေအိမ်အား မီးရှို့မည် ပြုစဉ်
ပတ်ဝန်းကျင်ရှိ ရွာသားများက တားမြစ်ရာ ၎င်းမှ အသင့် ကိုင်ဆောင်ထားသည့် ဓားဦးချွန်ဖြင့်
ထိုးရာ ဦးတင်မောင်၏ နောက်ကျော အလယ်တွင် ထိုးသွင်းဒဏ်ရာ (စိုးရိမ်ရ)နှင့် ဦးအောင်ကြိတ်၏
ယာဘက်ခါး အပေါ် ထိုးသွင်းဒဏ်ရာ ၊ ဝဲဘက်ပုခုံး ၂ လက်မခန့် ပြတ်ရှ ဒဏ်ရာတို့ ရရှိခဲ့သဖြင့်
ဟဲဟိုးတိုက်နယ် ဆေးရုံသို့ ပို့ဆောင်ကာ ဓားဖြင့်ထိုးသူ တကျော်အား ဝိုင်းဝန်း ဖမ်းဆီးခဲ့ခြင်း
ဖြစ်ကြောင်း သိရသည်။
.
ယင်းကဲ့သို့ ဓားဖြင့်
ထိုးခံရသူ ၂ ဦးအား ဟဲဟိုးတိုက်နယ် ဆေးရုံမှ တဆင့် တောင်ကြီး စဝ်စံထွန်းဆေးရုံသို့ လွှဲပြောင်း ကုသပေးနေစဉ်
ဧပြီလ ၄ ရက်၊ နံနက်ပိုင်းတွင် ဦးတမောင်မှာ ရရှိသော ဒဏ်ရာများဖြင့် သေဆုံးခဲ့ရကြောင်း
သိရသည်။
.
အဆိုပါ မိမိနေအိမ်အား
မီးရှို့ရန် ကြံစည်သည့် အပြင် တားမြစ်သူများကိုပါ ဓားဖြင့် ထိုးခဲ့သူ တကျော် အား ဟဲဟိုးနယ်မြေရဲစခန်းမှ
(ပ)၂၉/၂၀၂၀၊ ရာဇသတ်ကြီးပုဒ်မ ၃၂၆/ ၃၀၂ ဖြင့် အမှုဖွင့် ဖမ်းဆီး၍ စစ်ဆေး နေလျက် ရှိကြောင်း
သိရသည်။