အထူးဒေသ(၄)တွင် Quarantine ဝင်နေသည့် ပြည်တော်ပြန်များ ပထမအသုတ် အဖြစ် နေရပ်ပြန်မည် - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

အထူးဒေသ(၄)တွင် Quarantine ဝင်နေသည့် ပြည်တော်ပြန်များ ပထမအသုတ် အဖြစ် နေရပ်ပြန်မည်


စိုင်းသိင်္ခသူ
.
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ အထူးဒေသ(၄) နယ်မြေအတွင်း၌ COVID-19 ကာကွယ်ရေးအဖြစ် Facility Quarantine ဝင်နေသည့် ပြည်တော်ပြန် အလုပ်သမားများ အနက် ပထမအသုတ်အဖြစ် ၂၇၇ ဦးသည် ဧပြီလ ၂၈ ရက်၊ နံနက်ပိုင်းတွင် မိုင်းယန်းမှ တဆင့် မော်တော်ယာဉ်များဖြင့် နေရပ် ပြန်နိုင်ရန် စီစဉ်လုပ်ဆောင်နေပြီ ဖြစ်ကြောင်း သိရသည်။
.
အဆိုပါ ပြည်တော်ပြန်များမှာ အထူးဒေသ(၄)ရှိ မိုင်းလား၊ ဆီလူးဒေသတွင် Facility Quarantine ၂၁ ရက် ပြည့်မြောက်ပြီး ဖြစ်သဖြင့် ၎င်းတို့ နေရပ်ဒေသများသို့ ပြန်နိုင်ရေး ကျိုင်းတုံမှ တဆင့် ပို့ဆောင်မည် ဖြစ်သည်ဟု မိုင်းယန်းမြို့နယ် အုပ်ချုပ်ရေးမှူး ဦးဇော်လင်းထက်ထံမှ သိရသည်။
.
“ ခရိုင် စီမံခန့်ခွဲမှုကော်မတီရဲ့ အစီအစဉ်နဲ့ ပုဂ္ဂလိက ပို့ဆောင်ရေးက ကား ၆ စီးနဲ့ ဒီနေ့ ကျိုင်းတုံက အားကစားရုံကို ပို့ပါမယ်၊ အားလုံး ၂၇၇ ယောက်ပါ။ နံနက်စာကို မိုင်းယန်းက စေတနာရှင်က စီစဉ်ပေးလိုက်ပါတယ်။ ပြီးတော့ ကျန်းမာရေးဌာနအနေနဲ့လည်း သူတို့ ဆီလူးမှာ ရှိတည်းက မနက်တစ်ကြိမ်၊ ညနေ တစ်ကြိမ် တစ်ရက်ကို ၂ ကြိမ် ကျန်းမာရေး စစ်ဆေးထားတာ ဖြစ်လို့ ၂၁ ရက် ပြည့်မြောက်ကြောင်း လက်မှတ်ထုတ်ပေးပါတယ်။ မိုင်းလားကလည်း သူတို့အနေနဲ့ တစ်စောင် ထုတ်ပေးပါတယ်။” ဟု ဦးဇော်လင်းထက်က ကမ္ဘောဇတိုင်းသို့ ပြောသည်။
.

ယခု ပထမအသုတ်၌ ပါဝင်သူများသည် ဧပြီလ ၇ ရက်က စတင်၍ အထူးဒေသ(၄) နယ်မြေတွင် Facility Quarantine ဝင်ရောက်ခဲ့ခြင်း ဖြစ်ပြီး အများစုမှာ တရုတ်နိုင်ငံ မုန်းဟွေ၊ မုန်းကျော်၊ မုန်းကြိုမြို့များတွင် စိုက်ပျိုးရေး လုပ်သားများအဖြစ် လုပ်ကိုင်နေသူများ ဖြစ်ကာ တရုတ်နိုင်ငံမှ ပြန်လည်ပေးပို့သည် ပြည်တော်ပြန် အလုပ်သမားများ ဖြစ်ပြီး အများစုမှာ ရခိုင်ပြည်နယ် မင်းပြား၊ ကျောက်တော်၊ ပုဏ္ဏားကျွန်း စသည့် မြို့များမှ ဖြစ်ကြောင်း သိရသည်။
.
အထူးဒေသ(၄) နယ်မြေတွင် Facility Quarantine ဝင်နေသူ စုစုပေါင်း ၃၆၀၇ ဦး ရှိပြီး ယခု ပထမအသုတ်တွင် ၂၇၇ ဦး၊ ဒုတိယအသုတ်အနေဖြင့် မေလ ၂ ရက်တွင် ၃၇၂ ဦးကို လည်းကောင်း၊ တတိယအသုတ်အဖြစ် မေလ ၃ ရက်တွင် ၄၉၀ ဦးကို လည်းကောင်း ၎င်းတို့၏ နေရပ်များသို့ ပြန်လည် ပို့ဆောင်သွားမည် ဖြစ်ကြောင်း သိရသည်။
.
“ အစိုးရက ဂရုတစိုက် လုပ်ဆောင်ပေးလို့သာ နေရပ် ပြန်နိုင်ပေမဲ့လည်း နေရပ်မှာ အလုပ်အကိုင် ရှားပါးတာကြောင့် မိသားစု စားဝတ်နေရေးအတွက် ရင်လေးရတဲ့အပြင် နယ်မြေ မအေးချမ်းတာကိုလည်း စိုးရိမ်ရတယ်။” ဟု တရုတ်နိုင်ငံ မုန်းဟွေ့မြို့မှ စိုက်ပျိုးရေးခြံတွင် အလုပ် လုပ်ကိုင်ခဲ့သူ ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်၊ ဘုရားကြီးကျေးရွာမှ ဦးသန့်ညွန့်မောင်က ပြောသည်။
.
အဆိုပါ အထူးဒေသ(၄) ၌ Facility Quarantine ၂၁ ရက် ပြည့်ပြီး၍ နေရပ်ပြန်ကြမည့် သူများသည် မိုင်းယန်း- မိုင်းခတ်- ကျိုင်းတုံ - တောင်ကြီးလမ်းအတိုင်း တောင်ကြီးမြို့နယ် ၊ ရွှေညောင်မှ တဆင့် ၎င်းတို့၏ နေရပ်ဒေသများသို့ ဆက်လက် ပို့ဆောင်သွားရန် စီစဉ်ထားကြောင်း သိရသည်။
.

Journal Download

Photo of three cats