ထက်တိုင်းကျော်
.
ရှမ်းပြည်နယ် အရှေ့ပိုင်း၊ ကျိုင်းတုံမြို့နယ်၊ မိုင်းဇင်းကျေးရွာအုပ်စုရှိ ဟိုခို၊ ဝမ်လုံးကျေးရွာအနီး၌ ဧပြီလ ၂၃ ရက်၊ ည ၈ နာရီခန့်တွင် ညမထွက်ရ အမိန့်အား အကြောင်းပြု၍ လူတစ်စုက အမျိုးသား တစ်ဦးထံမှ ခြိမ်းခြောက်၍ ငွေတောင်းခံမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။
.
ခြိမ်းခြောက်၍
ငွေတောင်းခံရသူမှာ ကျိုင်းတုံမြို့နယ် ဟွေကွယ်ကျေးရွာအုပ်စု၊ ပန်ဖတ်ကျေးရွာနေ စိုင်းယီလောင်း
ဖြစ်ပြီး မိုင်းဇင်းကျေးရွာအုပ်စုမှ နမ့်လကျေးရွာအုပ်စုသို့ သွားရောက်ရာ လွယ်မွေလမ်းကို
ဖြတ်သန်း ဖောက်လုပ်ထားသည့် မြေသားလမ်းတွင် ၎င်းတစ်ဦးတည်း မော်တော်ယာဉ်အား မောင်းနှင်နေစဉ်
ယင်းကဲ့သို့ ခြိမ်းခြောက်၍ ငွေတောင်းခံခြင်းကို ၂ ကြိမ်တိုင် ကြုံတွေ့ခဲ့ရခြင်း
ဖြစ်ကာ ငွေတောင်းခံသူများကိုမူ သိရှိရခြင်း မရှိကြောင်း သိရသည်။
.
“
ပထမ ဆိုင်ကယ်နဲ့ လူတစ်ယောက်ကနေ ကျွန်တော့်ကားကို တားပြီးတော့
မင်း ညမထွက်ရ အမိန့် ထုတ်ထားတာ မသိဘူးလားဆိုပြီး ငွေ ၂ သောင်း တောင်းလို့ ပေးလိုက်ရပါတယ်။
ရှေ့မှာ နောက်ထပ် တစ်ခုခုဖြစ်ရင် သူ ပေးထားတဲ့ ဖုန်းနံပါတ်ကို ဆက်ပါ ဆိုပြီး ဖုန်းနံပါတ်
ပေးထားခဲ့ပါတယ်။ ရှေ့ဆက်သွားတော့ VIGO ကား တစ်စီးနဲ့ အမျိုးသား ၄ ယောက်၊ တစ်ယောက်က သေနတ်ကိုင်ထားပြီး ကျွန်တော့်ရဲ့ ကားပေါ်က
မန်ကျီးသီးကုန်ဖိုး ရှင်းပေးရမယ့် ငွေသိန်း ၂၀ ထဲက ၁၀ သိန်းကို အတင်းယူသွားပါတယ်။ ကျွန်တော့်ရဲ့
နိုင်ငံသားကတ်ကိုလည်း သူတို့ ယူသွားပါတယ်” ဟု စိုင်းယီလောင်းက ကမ္ဘောဇတိုင်းသို့ ပြောသည်။
.
ထို့အတူ ‘ဝ’ အမျိုးသားပါတီ ဗဟိုကော်မတီဝင် ရှမ်းပြည်နယ်
အရှေ့ပိုင်း တာဝန်ခံ ဒေါက်တာ Mဇော်လတ်က “ ဒီကိစ္စကို
ကျွန်တော့်ဆီမှာ လာ အကြောင်းကြားပေးလို့ သိရပါတယ်။ ခုလို COVID-19 ရောဂါနဲ့ ပြည်သူတွေ အကျပ်အတည်း ဖြစ်နေချိန်မှာ ခြိမ်းခြောက်
ငွေတောင်းခံတာက ဓါးပြပုံစံ ဖြစ်နေပါတယ်။ သက်ဆိုင်ရာ တာဝန်ရှိသူတွေက အမြန်ဆုံး စုံစမ်းဖော်ထုတ်ပြီး
အရေးယူ ပေးစေချင်ပါတယ်။” ဟု ၎င်း၏ အမြင်အား ပြောဆိုခဲ့သည်။
.
အဆိုပါ အခြေအနေနှင့်
ပတ်သက်၍ ကျိုင်းတုံမြို့နယ် အုပ်ချုပ်ရေးမှူး ဦးမိုးဆန်းထွန်းအား ဆက်သွယ် မေးမြန်းရာတွင် ဒေသန္တရအမိန့်နှင့် ည မထွက်ရ ထုတ်ပြန်ထားသည်မှာ
ည ၁၀ နာရီကနေ နောက်တစ်နေ့ မနက် ၄ နာရီထိသာ ဖြစ်ပြီး ယင်းကိစ္စအား စုံစမ်းမေးမြန်းသွားမည်ဟု
ပြောဆိုခဲ့သည်။
.
ကျိုင်းတုံမြို့နယ်တွင်
ဧပြီလ ၂၀ ရက်မှ စတင်၍ ညမထွက်ရဒေသန္တရအမိန့်ကို ထုတ်ပြန်ထားပြီး ဧပြီလ ၂၃ ရက်၊ ညတွင်
ယင်းအမိန့်အား ဖောက်ဖျက်ကျူးလွန်သည့် အမျိုးသား ၅ ဦးအား ကျိုင်းတုံမြို့နယ်တရားရုံးမှ
ထောင်ဒဏ် ၃ လစီ ပြစ်ဒဏ်အမိန့် ချမှတ်ခဲ့ကြောင်း သိရသည်။
.