.
ရှမ်းပြည်နယ်၊
ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့၊ တောင်ရပ်ကွက်၌ ဧပြီလ ၂၆ ရက်၊
နံနက်ပိုင်းတွင် အမျိုးသား တစ်ဦး ဒဏ်ရာများဖြင့်
သေဆုံးနေကြောင်း သိရသည်။
.
“ တရားခံကတော့ စုံစမ်း
ရှာဖွေဆဲပါ။ သေတဲ့သူရဲ့ အဖေက တရားလို ပြုလုပ်ပြီး တိုင်တန်းတာပါ။ လူ မရှိတဲ့ ခြံထဲမှာ
သေဆုံးတာပါ ။”ဟု ဟိုပုံးမြို့မရဲစခန်းမှ တာဝန်ရှိသူ တစ်ဦးက
ကမ္ဘောဇတိုင်းသို့ ပြောသည်။
.
သေဆုံးသူမှာ ဟိုပုံးမြိုနယ်၊ လွယ်အွန့်ကျေးရွာအုပ်စု၊
ရန်ကင်းကျေးရွာနေ တပေး (ခ) မောင်သန်း ဆိုသူ ဖြစ်ပြီး ဟိုပုံးမြို့၊ တောင်ရပ်ကွက်၊
နယ်မြေ(၁)၊ အထက(၂)ကျောင်း၏ မြောက်ဘက် ၃ အိမ်ကျော်ရှိ ခြံအတွင်း၌ ဝဲဘက် နားထင် ပေါက်ပြဲဒဏ်ရာ
၁ ချက်၊ ဝဲမျက်ခုံး အနီးတစ်ဝိုက်တွင် ပိန်ချိုင့်ဝင် ဒဏ်ရာ ၁ ချက်၊ ဝဲဘက် ဂျိုစောင်း
နားရွက် နောက်ဘက်တွင် ၄ လက်မခန့် ကွဲပြဲဒဏ်ရာ ၁ ချက်၊ ယာဘက် လက်ခလယ် စုတ်ပြဲဒဏ်ရာ
၁ ချက်ဖြင့် သေဆုံးနေသည်ကို တွေ့ရှိရခြင်း ဖြစ်ကြောင်း သိရသည်။
.
အဆိုပါ လူသတ်မှု ကျူးလွန်သူအား အရေးယူ
ပေးနိုင်ရန် သေဆုံးသူ၏ ဖခင်ဖြစ်သူက တရားလို ပြုလုပ်၍ တိုင်ကြားခဲ့သဖြင့် ဟိုပုံးမြို့မရဲစခန်းမှ
ရာဇသတ်ကြီးပုဒ်မ ၃၀၂ ဖြင့် အမှုဖွင့်ထားပြီး တရားခံအား ဖော်ထုတ် ဖမ်းဆီးရမိရေး ဆောင်ရွက်လျက်
ရှိကြောင်း သိရသည်။
.