ကယားပြည်နယ်အတွင်း၌ COVID-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းများတွင်
အသုံးပြုနိုင်ရန်အတွက် ငွေကျပ် ၉၀၆ သိန်း တန်ဖိုးရှိ ပစ္စည်းများအား ရှမ်းပြည်နယ်
ပြည်သူလူထု စားနပ်ရိက္ခာ ထောက်ပံ့ရေးကော်မတီက ယနေ့ (ဧပြီလ ၉ ရက်)၊ နေ့လယ်ပိုင်းတွင်
ကယားပြည်နယ် အစိုးရအဖွဲ့ရုံးသို့ သွားရောက် လှူဒါန်းခဲ့ကြောင်း သိရသည်။
.
ပြည်ပ နိုင်ငံများမှ ကယားပြည်နယ်၊
လွိုင်ကော်မြို့သို့ ပြန်လည် ရောက်ရှိလာသူများအား အနီးကပ် ပြုစု စောင့်ရှောက်ရသည့်
ကျန်းမာရေးဝန်ထမ်းများနှင့် အခြားသော ပရဟိတအဖွဲ့များအတွက် Ventilator ၁ ခု၊ Patient Monitor ၆ ခု၊ Oxygen
Machine ၆ ခု၊ PPE (medical) ၁၀၀ စုံ၊ PPE
(normal) ၅၀၀ စုံ၊ Mask ၅၀၀၀ ခု၊ မျက်မှန် ၂၀၀
ခု၊ လက်အိတ် ၂၀၀ စုံ၊ သာမိုမီတာ ၅၀ ခု၊ Hand Gel ၂၀၀ ဘူး၊ လက်သန့်ဆေးရည်
၇ ပုံးနှင့် ဆန်အိတ် ၁၀၀၀ ကို ရှမ်းပြည်နယ်
ပြည်သူလူထု စားနပ်ရိက္ခာ ထောက်ပံ့ရေးကော်မတီက ကယားပြည်နယ် အစိုးရအဖွဲ့သို့ လှူဒါန်းခဲ့ခြင်း
ဖြစ်သည်။
.
အဆိုပါ လှူဒါန်းခြင်း အခမ်းအနားသို့
ကယားပြည်နယ် ဝန်ကြီးချုပ် ဦးအယ်လ်ဖောင်းရှိုနှင့် ပြည်နယ်အစိုးရ အဖွဲ့ဝင်များ၊ ရှမ်းပြည်နယ် ပြည်သူလူထု စားနပ်ရိက္ခာ ထောက်ပံ့ရေးကော်မတီ
နာယက ဦးအောင်ကိုဝင်း (KBZ Group)နှင့် ပြည်နယ်အဆင့် ဌာနဆိုင်ရာများ၊
ဖိတ်ကြားထားသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။
.
ရှမ်းပြည်နယ် ပြည်သူလူထု
စားနပ်ရိက္ခာ ထောက်ပံ့ရေးကော်မတီ အနေဖြင့် ရှမ်းပြည်နယ်အစိုးရနှင့်
ပူးပေါင်း၍ COVID-19
Pandemic အတွက် ကမ္ဘောဇဘဏ်၏
ကျပ်သိန်း ၃၀၀၀ မတည် လှူဒါန်းမှု အများပြည်သူများ၏ ပါဝင် လှူဒါန်းမှုဖြင့် ရှမ်းပြည်နယ်အတွင်းရှိ အခြေခံ လူတန်းစားများအတွက် တစ်ဦးလျှင်
ဆန် ၃ ပြည်၊ ကုလားပဲ ၁ ပိသာ၊ ဆီ ၁၈ ကျပ်သား ပါဝင်သော ရိက္ခာထုပ်ပေါင်း ၁၀၀၀၀၀ ကို
လိုအပ်လာပါက အရေးပေါ် အသုံးပြု လှူဒါန်းနိုင်ရန်
အဆင်သင့် ပြင်ဆင်ထားပြီး ဖြစ်ကြောင်း သိရသည်။
.