ရှမ်းပြည်နယ်အရှေ့ပိုင်း၊
ကျိုင်းတုံမြို့တွင် Quarantine ဝင်နေသည့် ရှမ်းပြည်နယ်လွှတ်တော်
ဥက္ကဌ၏ ယာဉ်မောင်းနှင့် ရှမ်းပြည်နယ် ရဲတပ်ဖွဲ့မှူးတို့၏ ကိုယ်ရေးအရာရှိတို့တွင် COVID-19 ပိုး တွေ့ရခြင်း မရှိကြောင်း ရှမ်းပြည်နယ်အစိုးရ အဖွဲ့ထံမှ
သိရသည်။
.
“ မနေ့ညက စစ်တဲ့အထဲမှာ သူတို့ ၂ ယောက်ဟာ
ပါလာတယ်။ Negative ထွက်တယ်ပေါ့။ သူတို့ကို နောက်ထပ် ၄၈
နာရီ စောင့်ကြည့်မယ်ပေါ့။ ပြီးရင် Home Quarantine ဆက်ထားပါမယ်။”
ဟု ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ် လူမှုရေးဝန်ကြီး ဒေါက်တာ မျိုးထွန်းက ကမ္ဘောဇတိုင်းသို့
ပြောသည်။
.
ရှမ်းပြည်နယ် ဝန်ကြီးချုပ်
အပါအဝင် ၃၀ ဦးခန့်အား ကျိုင်းတုံမြို့တွင် Test Kits ဖြင့် စစ်ဆေးစဉ် ရှမ်းပြည်နယ်လွှတ်တော်
ဥက္ကဌ၏ ယာဉ်မောင်းနှင့် ရှမ်းပြည်နယ် ရဲတပ်ဖွဲ့မှူးတို့၏ ကိုယ်ရေးအရာရှိတို့တွင် COVID-19 ပိုး တွေ့ရသည်ဟု ပြသနေခြင်းကြောင့် ခရီးစဉ်တွင် လိုက်ပါ တာဝန်
ထမ်းဆောင်စေခြင်း မပြုဘဲ ကျိုင်းတုံတွင် Quarantine ပြုလုပ်စေကာ ဓါတ်ခွဲနမူနာများအား ပေးပို့ စစ်ဆေးရာ ဓါတ်ခွဲအဖြေတွင်
COVID-19 ပိုး မတွေ့ရခြင်း
ဖြစ်ကြောင်း သိရသည်။
.
အဆိုပါ ဝန်ထမ်း ၂ ဦးတွင် ပိုးတွေ့ရခြင်း
မရှိသောကြောင့် ရှမ်းပြည်နယ်အစိုးရ ဧည့်ရိပ်သာတွင် Quarantine ဝင်နေသည့် ရှမ်းပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ် အစိုးရအဖွဲ့ဝင်များအနေဖြင့်
Quarantine ဆက်လက်
ဝင်ရောက်သင့်/မသင့်အား ဆွေးနွေးနေလျက် ရှိသဖြင့် အခြေအနေကို လတ်တလောတွင် အတည်မပြုနိုင်သေးကြောင်း
ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ပြည်နယ် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး
ဦးစိုးညွန့်လွင်ထံမှ သိရသည်။
.