.
ရှမ်းပြည်နယ်
တရားလွှတ်တော်ရုံးတွင် ချိန်းဆိုထားသည့် အမှုများနှင့် စပ်လျဉ်း၍ COVID-19 ရောဂါ ကာလအတွင်း ကိုယ်တိုင် လာရောက် ဆောင်ရွက်ရန်
အခက်အခဲ ရှိသည့် ရှေ့နေများအနေဖြင့် ရှမ်းပြည်နယ်ရှေ့နေများအသင်းနှင့် ချိတ်ဆက် ဆောင်ရွက်နိုင်ကြောင်း
ရှမ်းပြည်နယ် တရားလွှတ်တော်၏ လူမှုကွန်ရက် စာမျက်နှာတွင် ဧပြီလ ၂၁ ရက်က ထုတ်ပြန် ကြေညာထားသည်။
.
“ မြို့နယ်၊
ခရိုင်ရုံးများနဲ့ ဒီကြေညာချက်က မသက်ဆိုင်ပါဘူး၊ ရှမ်းပြည်နယ်တရားလွှတ်တော်ရုံးမှာ
ချိန်းဆိုထားတဲ့ အမှုများနဲ့ပဲ ဆိုင်ပါတယ်။ ကားလိုင်း မထွက်တာတွေ၊ ရောဂါဘယ ကူးစက်မဲ့
အန္တရာယ်တွေ၊ Quarantine
တွေကြောင့် ရှေ့နေများ အနေနဲ့ ကိုယ်တိုင် လာရောက် ဆောင်ရွက်ဖို့
အခက်အခဲ ဖြစ်ပေါ်နိုင်တာ ဖြစ်လို့ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်ကို
တင်ပြပြီး မလာရောက်နိုင်တဲ့သူတွေ အနေနဲ့ လိုအပ်တဲ့ လျှောက်လဲချက်တွေကို
လှမ်းပို့ပြီး ဒီအသင်းက ရှေ့နေက ကိုယ်စားတင်ပြ ဆောင်ရွက်နိုင်မယ်လို့ ကူညီတဲ့
အနေနဲ့ အသိပေးကြေညာချက် ထုတ်ပြန်ရခြင်း ဖြစ်ပါတယ်။” ဟု
ရှမ်းပြည်နယ်ရှေ့နေများအသင်း ဥက္ကဌ
ဦးခင်မောင်ထွေးက ကမ္ဘောဇတိုင်းသို့ ပြောသည်။
.
အဆိုပါ ကြေညာချက်နှင့်
ပတ်သက်၍ ရှမ်းပြည်နယ် တရားလွှတ်တော်မှ ပြန်ကြားရေး အရာရှိထံ ဆက်သွယ် မေးမြန်းရာ “ ရှေ့နေအသင်းက
တင်တဲ့ကိစ္စခင်ဗျ၊ ကျွန်တော်တို့ တရားလွှတ်တော်နဲ့ မဆိုင်ဘူး။ သူတို့ ရှေ့နေအချင်းချင်း
ဆောင်ရွက်တဲ့ ကိစ္စတွေပါ။ တရားရုံးနဲ့လည်း မပတ်သက်ပါဘူး။” ဟုသာ ပြောဆိုခဲ့သည်။
.
ရှမ်းပြည်နယ်တရားလွှတ်တော်
အနေဖြင့် ရာဇ၀တ် ပြင်ဆင်မှု၊ ရာဇ၀တ် အယူခံမှု၊ တရားမ ပြင်ဆင်မှု တရားမ ပထမ/ဒုတိယ
အယူခံမှု၊ ရာဇ၀တ် အထွေထွေ အမှု စသည်တို့ကို ပြည်နယ် တရားသူကြီးချုပ်နှင့် တရားသူကြီးများက
ကြိုတင် ကြေညာမှုများ ပြုလုပ်ကာ တရားစီရင်နေကြောင်း သိရသည်။
.
ရှမ်းပြည်နယ်
ရှေ့နေများအသင်းသည် ၂၀၁၅ ခုနှစ် အောက်တိုဘာလ ၂၂ ရက်တွင် ရှမ်းပြည်နယ် မှတ်ပုံတင်ရေးအဖွဲ့၏
အသင်းအဖွဲ့ ဖွဲ့စည်းခွင့် မှတ်ပုံတင်လက်မှတ်ကို ရရှိခဲ့ပြီး အသင်းဝင် ရှေ့နေ စုစုပေါင်း
၅၀၀ ကျော်ခန့် ဖြင့် ဖွဲ့စည်းထားခြင်း ဖြစ်ကြောင်း သိရသည်။