စိုင်းသိင်္ခသူ
.
ရှမ်းပြည်နယ်အရှေ့ပိုင်း၊
မိုင်းယန်းတွင် ကျေးရွာအလှူပွဲ တစ်ခုသို့ သွားရောက်ပြီးနောက် ဧပြီလ ၁၈ ရက်တွင်
ပြန်လည် ရောက်ရှိလာသူများအနက် ကိုယ်အပူချိန် မြင့်တက်နေသူ အမျိုးသမီး တစ်ဦးအား စိစစ်စမ်းသပ်
တွေ့ရှိရသဖြင့် စောင့်ကြည့်လူနာအဖြစ် သတ်မှတ်၍ မိုင်းယန်းဆေးရုံ သီးသန့်အဆောင်တွင်
၎င်း၏ မိသားစုဝင် ၂ ဦးနှင့်အတူ Hospital
Quarantine အဖြစ် ထားရှိကာ ၎င်းတို့၏ ဓါတ်ခွဲနမူနာများအား ရန်ကုန်သို့
ပေးပို့ စစ်ဆေးသွားရန် မိုင်းယန်းမြို့နယ် ဆေးရုံအုပ်ကြီးထံမှ သိရသည်။
.
“ သူတို့ရဲ့
နှာခေါင်းနဲ့ အာခေါင်တို့ဖတ် နမူနာတွေကို ၁၉ ရက်နေ့မှာ ပို့ပါမယ်။ အခု မိသားစု
အားလုံး ဆေးရုံမှာ ထားရှိပါတယ်။”ဟု မိုင်းယန်းမြို့နယ် ဆေးရုံအုပ်ကြီး ဒေါက်တာ
ဖြိုးထွဋ်ကိုကိုထွန်းက ပြောသည်။
.
မိုင်းယန်းမြို့နယ်၊
မိုင်းလွေကျေးရွာနေ မိသားစုဝင် ၃ ဦးသည် တစ်ရွာတည်းနေ အခြားသူ ၁၀ ဦးနှင့်အတူ ဧပြီလ ၄
ရက်တွင် မိုင်းခတ်မြို့နယ်၊ ဝမ်အွန်ကျေးရွာအုပ်စု၊ ဟိုကျင်းကျေးရွာရှိ အလှူပွဲသို့
သွားရောက်ခဲ့ပြီး ဧပြီလ ၁၈ ရက်တွင် ပြန်လည် ရောက်ရှိလာကြောင်း သတင်းအရ
မိုင်းလွေကျေးရွာ ကျန်းမာရေးဌာနမှ ကျန်းမာရေးမှူးမှ သွားရောက် စစ်ဆေးရာ အဆိုပါ ၁၃
ဦးအနက် အသက် ၂၂ နှစ်အရွယ် အမျိုးသမီးသည် ကိုယ်အပူချိန် မြင့်တက်နေသည်မှာ ၂ ရက် ရှိနေပြီး
လည်ချောင်းနာ ဝေဒနာ ခံစားနေရကြောင်း စမ်းသပ်စိစစ် တွေ့ရှိချက်အရ စောင့်ကြည့်လူနာအဖြစ်
သတ်မှတ်၍ မိုင်းယန်းပြည်သူ့ဆေးရုံသို့ ၎င်း၏ ခင်ပွန်းနှင့် သမီးဖြစ်သူတို့ကိုပါ
ခေါ်ဆောင်ကာ Hospital
Quarantine အဖြစ် စောင့်ကြည့် ကုသပေးနေခြင်း ဖြစ်ကြောင်း သိရသည်။
.
ထို့အပြင် စောင့်ကြည့်
သံသယလူနာနှင့်အတူ သွားရောက်ခဲ့သည့် အမျိုးသား ၅ ဦး၊ အမျိုးသမီး ၅ ဦး၊ ပေါင်း ၁၀ ဦးကိုလည်း
ဧပြီလ ၁၈ ရက်မှ စတင်၍ မိုင်းလွေ အခြေခံပညာ အလယ်တန်းကျောင်း၌ Facility
Quarantine အဖြစ် သီးခြား ထားရှိကြောင်း သိရသည်။
.
မိုင်းယန်းမြို့နယ်တွင်
Facility
Quarantine ခံယူနေသူ ၃၂ ဦး ရှိနေပြီး ယခု Hospital
Quarantine ခံယူရသူ ၃ ဦးမှာ ပထမဆုံး ဓါတ်ခွဲ နမူနာ ရယူရသည့်
စောင့်ကြည့်လူနာ(PUI)
များ ဖြစ်ကြောင်း သိရသည်။
.