ကိုစိုး
.
တောင်ကြီးမြို့ရှိ ပုဂ္ဂလိက
လုပ်ငန်းတစ်ခုမှ ဝန်ထမ်းများ ဖျားနာခြင်းနှင့် ဆေးရုံ၌ စောင့်ကြည့်ခံရမှုများ ဖြစ်ပေါ်ပါက
အလုပ်မှ ထုတ်ပယ်ခြင်း ပြုမည်ဟု စည်းကမ်း သတ်မှတ်ထားခြင်းကြောင့် ဝန်ထမ်းများမှာ
ဖျားနာနေသော်လည်း ခွင့် မယူရဲဘဲ အခက်အခဲ ဖြစ်နေရကြောင်း ကမ္ဘောဇတိုင်းသို့ ဆက်သွယ် ပြောဆိုလာခဲ့သည်။
.
“
ကျွန်မတို့ သူဌေးက ပြောထားတယ်။ ဖျားတာ၊ ဆေးရုံမှာ ၁၄ ရက်
စောင့်ကြည့်ရပြီ ဆိုတာနဲ့ ခွင့် မပေးဘူး။ တစ်ခါတည်း အလုပ် ဖြုတ်မယ်လို့ ပြောပါတယ်။
ကျွန်မမှာ ဖျားနေတာတောင် ခွင့် မယူရဲဘူး။ ဆေးရုံ/ဆေးခန်း မသွားရဲဘူး။
အလုပ်ထွက်ရမှာ ကြောက် လို့ပါ။ ဝန်ထမ်း တစ်ယောက် နေမကောင်းလို့ သူ့ရွာ သူ ပြန်တာကို
အလုပ် ထုတ်လိုက်ပါတယ်။ သူတို့ ခိုင်းတဲ့အတိုင်း နေပေးတာကို လစာလည်း အပြည့် မပေးဘူး။
ကျွန်မတို့ကို အခုချိန်အထိ အလုပ်လည်း မပိတ်ပေးပါဘူး။ တစ်ရက် လုပ် တစ်ရက် နားနဲ့
သွားနေရတာပါ”
ဟု အဆိုပါ လုပ်ငန်းမှ အမည် မဖော်လိုသူ ဝန်ထမ်းအမျိုးသမီးက
ကမ္ဘောဇတိုင်းသို့ ပြောသည်။
.
ယင်း အခြေအနေနှင့် ပတ်သက်၍ တောင်ကြီးမြို့နယ်
အလုပ်သမားညွှန်ကြားမှုဦးစီးဌာနသို့ ကမ္ဘောဇတိုင်းမှ ဆက်သွယ် မေးမြန်းရာ အများပြည်သူ
အားလပ်ရပ်တွင် အလုပ်သမားများအား အလုပ် ဆင်းခိုင်းလိုပါက အလုပ်သမားများ၏ ဆန္ဒ ပါရှိ
မှသာ ဆင်းခိုင်းနိုင်မည် ဖြစ်ကြောင်း ပြန်လည် ဖြေကြားခဲ့သည်။
.
“အများပြည်သူ အလုပ် ပိတ်ရက်မှာ အလုပ် ဆင်းခိုင်းလို့
မရပါဘူး။ အလုပ်သမား ကျေနပ်မှ ဆင်းခိုင်းလို့ ရတာပါ။ အလုပ်ရုံနဲ့ အလုပ်သမား ဥပဒေမှာ
ပြဌာန်းထားပြီးသားပါ။ နစ်နာတဲ့ အလုပ်သမားတွေက တိုင်ကြားလာတာ ရှိရင်တော့ သက်ဆိုင်ရာ
ဌာနတွေက အရေးယူပေးမှာပါ။ ကျွန်မတို့ဆီကို တိုင်လာရင်လည်း ကျွန်မတို့ စည်းကြပ်တဲ့
ဥပဒေ မဟုတ်ရင် စည်းကြပ်တဲ့ဆီကို လွှဲပေးလိုက်ပါတယ်။ အဓိက ကတော့ နစ်နာတဲ့သူက
တိုင်ကြားဖို့ လိုပါတယ်”
ဟု အလုပ်သမားညွှန်ကြားမှုဦးစီးဌာနမှူး ဒေါ်ခင်စိုးရီက
ပြောသည်။
.
ထို့အတူ ယင်းဖြစ်စဉ်နှင့်
ပတ်သက်၍ ရှမ်းပြည်နယ်အစိုးရအဖွဲ့သို့ ဆက်သွယ် မေးမြန်းရာတွင် တိုင်ကြား လာပါက အမြန်ဆုံး
ကွင်းဆင်း စိစစ်ပြီး ဖြစ်စဉ် မှန်ကန်ပါက အရေးယူ သွားမည်ဟု ပြောကြားခဲ့သည်။
.
အလုပ်သမား၊
လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၏ ၂၀၁၈ ခုနှစ်၊ ဧပြီလ ၂၆ ရက်က
အမိန့် ကြော်ငြာစာအမှတ် (၆၉/၂၀၁၈) ဖြင့် ထုတ်ပြန်ခဲ့သည့် ခွင့်ရက်နှင့်
နည်းဥပဒေများ အပိုဒ် ၁၇ တွင် “ အများပြည်သူ အလုပ်ပိတ်ရက်တွင်
အလုပ် လုပ်ရမည်ဆိုပါက အလုပ်သမား၏ ဆန္ဒကို ရယူပြီး ယင်းနေ့ မတိုင်မီ ဦးစီးဌာနသို့
ကြိုတင် ခွင့်ပြုချက် တောင်းခံရမည်။ ခွင့်ပြုချက် ရမှသာ အလုပ် ခိုင်းစေရမည်” ဟု ဖော်ပြထားသည်။