စိုင်းသိင်္ခသူ
.
ရှမ်းပြည်နယ်မြောက်ပိုင်း၊
မူဆယ်မြို့မှ တရုတ်နိုင်ငံသို့ သစ်သီးတင် ယာဉ်များ ဝင်ရောက်ရာတွင် အစားထိုး တရုတ်နိုင်ငံသား
ယာဉ်မောင်းများဖြင့်သာ ဝင်ရောက်ခွင့် ကန့်သတ်ထားမှုကို မူဆယ်အခြေစိုက်
သစ်သီးဝလံကုန်စည်ဒိုင်က ဧပြီလ ၁၂ ရက်တွင် မြန်မာ ယာဉ်မောင်းများဖြင့် ပြန်လည် ဝင်ရောက်ခွင့်
ရပြီ ဖြစ်ကြောင်း ကြေညာချက် ထုတ်ပြန်ပြီးနောက် ယနေ့ (ဧပြီလ ၁၄ ရက်) နံနက်ပိုင်းမှ စတင်၍
ဝင်ရောက်ခွင့် ရရှိသော်လည်း ယာဉ်မောင်းများမှာ ကားပေါ်တွင်သာ နေရကြောင်း သိရသည်။
.
“ ဒီ မနက်က စပြီး
မူရင်းဒရိုင်ဘာ တစ်ယောက်နဲ့ အသီးကားတွေ ကျင်စန်းကျော့ အပေါက်ကနေ စပြီး ဝင်နေပါပြီ၊
သတ်မှတ်ထားတဲ့ စည်းကမ်းချက်တွေကတော့ ကားဆရာဟာ ကားပေါ်မှာပဲ နေရပါမယ်၊ အပေါ့အပါး သန့်စင်ခန်း
သွားရင်လည်း သွားပြီး ကားပေါ်ကိုပဲ ပြန်လာရပါမယ်။ တခြား နေရာတွေကိုလည်း လုံး၀
သွားလာဖို့ ခွင့်မပြုပါဘူး၊ စားဖို့ သောက်ဖို့ အတွက်က ကိုယ်တင်လာတဲ့ အသီးပွဲရုံက
တာဝန်ယူပြီး ကားဆရာဆီ ပို့ပေးပါလိမ့်မယ်၊ သူ့ဆီက သတ်မှတ်ထားတဲ့ စည်းကမ်းတွေကို
ဖောက်ဖျက်မိရင် လက်ရှိရ နေတဲ့ အခွင့်အရေးတွေ ဆုံးရှုံးသွားနိုင်တဲ့အတွက်
စည်းကမ်းကို ကားဆရာတိုင်း အတိအကျ လိုက်နာဖို့တော့
လိုအပ်ပါတယ်။” ဟု မူဆယ် (၁၀၅) မိုင်မှ သစ်သီးဝလံ ကုန်စည်ဒိုင် ဥက္ကဌ
ဦးစိုင်းမြင့်ဗိုလ်က ပြောသည်။
.
COVID-19 ရောဂါအတွက် ဧပြီလ ၈ ရက်က တရုတ်နိုင်ငံဘက်မှ ကန့်သတ်ချက်အရ မြန်မာယာဉ်မောင်များ အစား အစားထိုး တရုတ်ယာဉ်မောင်းများကိုသာ
မောင်းနှင်စေခဲ့ရာမှ ယာဉ် ပျက်စီးမှုများ အပါအဝင် အခြား အဆင်မပြေမှုများ ဖြစ်ပေါ်နေမှုကြောင့်
ညှိနှိုင်းဆွေးနွေးမှုများ ပြုလုပ်ခဲ့ပြီးနောက် ဝမ်တိန်ဘက်မှ
စည်းကမ်းချက်များဖြင့် ဧပြီလ ၁၄ ရက် နံနက်ပိုင်းမှသာ ပြန်လည်ဝင်ခွင့် ပြုခဲ့ခြင်း ဖြစ်ကြောင်း
သိရသည်။
.
လက်ရှိ
ယာဉ်ကြော ကြပ်တည်းနေမှုကို လတ်တလော ဖြေရှင်းသည့် အနေဖြင့် ဖရဲ၊ သခွားတင်ယာဉ်များ
ယာဉ်ကြော ရှင်းလင်းစေရန် သရက်သီးတင် ယာဉ်များကို Green Lane ပေး၍ ကျော်တက်ခွင့် ပြုခဲ့သည့် အစီအစဉ်ကို ဧပြီလ ၁၅ ရက်မှ စတင်ကာ ၁၈ ရက်အထိ
ခေတ္တရပ်ဆိုင်းထားမည် ဖြစ်သဖြင့် အဆိုပါရက်အတွင်း သရက်သီးများ မပျက်စီးစေရန်
ဝင်ရောက်မှုကို ရှောင်ရှားရန်နှင့် ဧပြီလ ၁၉ ရက်မှသာ အဆိုပါ ဦးစားပေး အစီအစဉ်အား
ပြန်လည် စတင်စေမည် ဖြစ်ကြောင်း မူဆယ်သစ်သီးဝလံ ကုန်စည်ဒိုင်ထံမှ သိရသည်။
.
“ မြန်မာ ယာဉ်မောင်းတွေ
ကိုယ့်ကား ကိုယ် မောင်းပြီး ပြန် ဝင်ခွင့် ရပါပြီ၊ အစားထိုး မောင်းစရာ မလိုတော့ပါ၊
ဒါပေမဲ့ ကျင်စန်းကျော့ လမ်းတစ်လျှောက်မှာ ကား စီးရေ ၁၃၀၀ ကျော် ရှိနေတာ ၃ ရက်လောက်
ရှင်းရမှာ ဖြစ်လို့ အခြားကားတွေ တက်မလာသေးဘဲ စောင့်စေချင်ပါတယ်၊ သရက်သီးကားတွေလည်း
ကျော်တက်ခွင့်ကို ၁၉ ရက်နေ့မှ ပြန်ပြီး ဦးစားပေးမှာ ဖြစ်ပါတယ်၊ ဖရဲသခွား ကုန်တင်ယာဉ်တွေ
ယာဉ်ဝင်ထွက်မှု ခွင့်ပြုထားပေမယ့် ဒရိုင်ဘာက လွဲလို့ အခြားသူတွေ ဝင်ခွင့် မရပါဘူး၊
ဖရဲသခွား ရောင်းချမယ့် သစ်သီးပွဲရုံ ပွဲစားတွေလည်း ဝန်တိန်မှာပဲ စောင့်နေရပါတယ်၊
ခုချိန်မှာတော့ ဟိုဘက်က ပေးသမျှဈေးနဲ့ ရောင်းချနေတာပေါ့၊”ဟု မူဆယ်
ခွာညိုသစ်သီးဝလံပွဲရုံမှ ဦးစိုင်းခင်မောင်က ပြောသည်။
.
မူဆယ်(၁၀၅)မိုင်
သစ်သီးဝလံကုန်စည်ဒိုင်က အသိပေးကြေညာချက် (၇/၂၀၂၀) ထုတ်ပြန်ကာ သစ်သီးဝလံကားများမှ ယာဉ်မောင်း
တစ်ဦးတည်းသာ ဝင်ရောက်ရန်၊ မှတ်ပုံတင်(မူရင်း) ယာဉ်မောင်းလိုင်စင် (မူရင်း) ယာဉ်လိုင်စင်
မူရင်း(ဝှီးတက်)များ ယူဆောင်လာရန်၊ စာအုပ်အနီ (သို့မဟုတ်) တစ်ခါသုံး ပြည်ဝင်ခွင့်ကတ်
တံဆိပ်ရိုက်ခြင်းနှင့် ကျန်းမာရေးဖောင်အား ပြည့်စုံစွာ ဖြည့်စွက်ထားရန် လိုကြောင်းနှင့်
ဝင်ရောက်သူ အားလုံး နှာခေါင်းစည်း(Mask) မတပ်ပါက လုံး၀ ၀င်ရောက်ခွင့် မပြုကြောင်း ထုတ်ပြန်ထားသည်။
.
မူဆယ်ခရိုင်နှင့်
ထိစပ်နေသည့် တရုတ်နိုင်ငံ နယ်စပ်ဂိတ်များမှာ မန့်ဝိန်းဂိတ်၊ ဆင်ဖြူဂိတ်၊
နန်းတော်ဂိတ်၊ ကျင်စန်းကျော့ဂိတ်၊ ပန်ဆိုင်း(ကြူကုတ်)ဂိတ်၊ နှင့်
မန်ဟီးရိုးဂိတ်တို့ ရှိကြကြောင်းနှင့် ယခုအချိန်တွင် သစ်သီးတင်ယာဉ်နှင့်
ဂဏန်းကဲ့သို့ အခြားသော ကုန်တင်ယာဉ်များမှာ ကျင်စန်းကျော့လမ်းမှ တရုတ်နိုင်ငံ ဝမ်တိန်ဂိတ်
တစ်ခုထဲမှသာ ဝင်ရောက်ခွင့် ရရှိနေခြင်း ဖြစ်ကြောင်း သိရသည်။
.