လားရှိုးဆေးရုံမှ လူနာအမှတ်(၁၄) ကျန်းမာရေး ကောင်းမွန် နေလျက်ရှိ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

လားရှိုးဆေးရုံမှ လူနာအမှတ်(၁၄) ကျန်းမာရေး ကောင်းမွန် နေလျက်ရှိ


ရှမ်းပြည်နယ် မြောက်ပိုင်း၊ လားရှိုးပြည်သူ့ဆေးရုံတွင် သီးခြား ထားရှိ၍ စောင့်ကြပ် ကုသမှု ပေးနေသည့် COVID-19 အတည်ပြု လူနာအမှတ်(၁၄)၏ ကျန်းမာရေး အခြေအနေမှာ ယခု (ဧပြီလ ၈ ရက်၊ နေ့လယ် ၁၂ နာရီ)ထိ ကောင်းမွန် နေလျက်ရှိကြောင်း သိရသည်။
.
“ လူနာက အခြေအနေ ကောင်းပါတယ်။ သွေးပေါင်ချိန်လည်း ကောင်းတယ်၊ အသက်ရှူနှုန်းလည်း ကောင်းတယ်၊ ဘာမှ မဖြစ်ပါဘူး၊ ပုံမှန်ပါပဲ။” ဟု ရှမ်းပြည်နယ်မြောက်ပိုင်း ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာန ပြည်နယ်ဦးစီးဌာနမှူး ဒေါက်တာ တင်မောင်ညွန့်က ကမ္ဘောဇတိုင်းသို့ ပြောသည်။
.

ယင်း လူနာအမှတ်(၁၄)သည် ထိုင်းနိုင်ငံမှ ကျောက်မဲမြို့သို့ ပြန်လည်ရောက်ရှိလာသည့် အသက် ၂၄ နှစ်အရွယ် အမျိုးသား ဖြစ်ပြီး ကျောက်မဲဆေးရုံ၌ စောင့်ကြည့်လူနာအဖြစ် သတ်မှတ်၍ ဓါတ်ခွဲနမူနာအား စစ်ဆေးစဉ် COVID-19 ပိုး တွေ့ရှိခဲ့ပြီးနောက် လားရှိုးဆေးရုံသို့ ပြောင်းရွှေ့ ထားရှိကာ စောင့်ကြပ် ကုသမှု ပေးနေခြင်း ဖြစ်သည်။
.
COVID-19 အတည်ပြု လူနာအမှတ်(၁၇)ဖြစ်သည့် ပေါက်ခေါင်းမြို့နယ်မှ အသက် ၄၇ နှစ်အရွယ် ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူးသည် ယနေ့ (ဧပြီလ ၈ ရက်)၊ နံနက် ၃ နာရီ ၄၀ မိနစ်တွင် ပြည်ဆေးရုံတွင် လည်းကောင်း၊ လူနာအမှတ် (၁၆) ဖြစ်သည့် အသက် ၆၃ နှစ်အရွယ် အမျိုးသမီးသည် ၁၀ နာရီ၊ ၅ မိနစ်တွင် ဝေဘာဂီဆေးရုံတွင် လည်းကောင်း အသီးသီး သေဆုံးသွားခဲ့သည်ဟု ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနမှ ဒေါက်တာ ခင်ခင်ကြီးက လူမှုကွန်ရက်တွင် ရေးသား၍ အတည်ပြုခဲ့သည်။
.
မြန်မာနိုင်ငံတွင် COVID-19 အတည်ပြု လူနာ ၂၂ ဦးအနက် သေဆုံးသူ ၃ ဦး ရှိပြီ ဖြစ်ကာ ပြည်သူများ အနေဖြင့် ရောဂါကာကွယ်ရေး ဆိုင်ရာ ကျန်းမာရေးပညာပေး အချက်အလက်များအား တိကျစွာ လိုက်နာ ဆောင်ရွက်ခြင်းဖြင့် မိမိသာမက မိမိ၏ မိသားစုနှင့် ပတ်ဝန်းကျင်မှ လူများအတွက်ပါ ရောဂါ ကူးစက်မှု မရှိစေရေး ပူးပေါင်း ဆောင်ရွက်ပေးရန် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက နှိုးဆော်ထားသည်။

Journal Download

Photo of three cats