.
ရှမ်းပြည်နယ်တောင်ပိုင်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ရွာငံမြို့နယ်၊ မြို့ကြီးကျေးရွာတွင် ကျန်းမာရေး စစ်ဆေးမှု ပြုလုပ်ခြင်းကို လက်မခံဘဲ ကျန်းမာရေးဝန်ထမ်းများအား ဆဲဆိုခဲ့သည့် အမျိုးသားကို အမှု ဖွင့် အရေးယူထားကြောင်း သိရသည်။
.
ရွာငံမြို့နယ်၊ မြို့ကြီးကျေးရွာတွင် COVID-19 ရောဂါ ကြိုတင် ကာကွယ်ရေးအဖြစ် ကျေးရွာအုပ်ချုပ်ရေးမှူး၊ ရဲတပ်ဖွဲ့၊ ကျေးလက်ကျန်းမာရေးဌာနတို့ ပါဝင်သည့် ပူးပေါင်းအဖွဲ့ဝင်များက
ဧပြီလ ၁၂ ရက်၊ နေ့လယ် ၂ နာရီခန့်တွင်ကျန်းမာရေး စစ်ဆေးမှုများ ပြုလုပ်နေစဉ် အောင်ကျော်ခိုင် ဆိုသူမှ ရောက်ရှိလာပြီး မြို့ကြီးကျေးရွာမှ ကျောက်ဆည်မြို့နယ်၊ သံကျေးရွာသို့ အကြွေး တောင်းရန် သွားရောက်လိုကြောင်း ပြောကြားခဲ့ရာ ပူးပေါင်းအဖွဲ့ဝင်များကို ဖြတ်သန်း၍ မရကြောင်းနှင့် အရေးကြီး၍ သွားရောက် လိုပါက ကျန်းမာရေး စစ်ဆေးမှု ခံယူပြီးမှသာ သွားရန် ပြောဆိုသည်ကို လက်မခံဘဲ တာဝန်ရှိသူများအား ဆဲဆို ကြိမ်းမောင်းပြီး ဆိုင်ကယ်အား ကြမ်းတမ်းစွာ မောင်းနှင်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
.
ယင်းကဲ့သို့ ကျန်းမာရေး စစ်ဆေးမှုအား လက်မခံဘဲ တာဝန်ရှိသူများကို ဆဲဆို ကြိမ်းမောင်းခဲ့သည့် မြို့ကြီးကျေးရွာနေ အောင်ကျော်ခိုင်၊ (၃၅)နှစ်အား အရေးယူပေးရန် ကျေးရွာအုပ်ချုပ်ရေးမှူးမှ ရွာငံမြို့မရဲစခန်းသို့ တိုင်ကြားခဲ့သဖြင့် (ပ) ၂၃/၂၀၂၀ ၊ သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဥပဒေပုဒ်မ ၂၆ ဖြင့် အမှုဖွင့်ထားကြောင်း သိရသည်။
.