မင်းဇော်မင်း
.
ရှမ်းပြည်နယ်မြောက်ပိုင်း၊
မူဆယ်မြို့မှ တရုတ်နိုင်ငံ ဝမ်တိန်ကုန်ပစ္စည်းချကွင်းသို့
မြန်မာ မော်တော်ယာဉ်များအား မြန်မာနိုင်ငံသား ယာဉ်မောင်းများ ဝင်ခွင့် မရဘဲ
တရုတ်နိုင်ငံသား ယာဉ်မောင်းများသို့ လက်လွှဲ မောင်းဝင်နေရမှုများကြောင့် ယာဉ် ပျက်စီးမှုများ
အပါအဝင် အဆင်မပြေမှုများ ဖြစ်ပေါ်နေရကြောင်း သိရသည်။
.
COVID-19 ရောဂါကို အကြောင်းပြု၍ တရုတ်နိုင်ငံဘက်သို့ မြန်မာနိုင်ငံသားများ ဝင်ရောက်မှု
ထိန်းချုပ်သည့်အနေဖြင့် ကုန်စည်ပို့ဆောင်ရေး ယာဉ်များအား တရုတ်နိုင်ငံသား ယာဉ်မောင်းများအား
အစားထိုး မောင်းနှင်စေမှုနှင့် ပတ်သက်၍ မြန်မာနိုင်ငံသား ယာဉ်မောင်း တစ်ဦး
ဝင်ရောက်နိုင်ရေး ဆွေးနွေးညိနှိုင်းမှုများ လုပ်ဆောင်နေသော်လည်း
အဆင်မပြေသေးကြောင်း မူဆယ်ခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ သိရသည်။
.
“ ရောဂါ အကြောင်းပြပြီး
မြန်မာတွေ ဝင်ခွင့် မပြုတော့တဲ့ နောက်ပိုင်း သူတို့ တရုတ်ယာဉ်မောင်းတွေ အစားထိုး လာတာမှာ
အဆင်မပြေ ဖြစ်နေလို့ မြန်မာဘက်က တွေ့ဆုံဆွေးနွေးတာ ၃ ကြိမ် ရှိပေမယ့် ညှိနှိုင်းမှုက အဆင်မပြေသေးပါဘူး။
ထပ်ပြီးတော့လည်း တွေ့ဆုံဆွေးနွေးနေမယ့် အစီအစဉ်တွေ ရှိနေပါတယ်။” ဟု မူဆယ်ခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ
လက်ထောက်ညွှန်ကြားရေးမှူး ဦးမောင်မောင်သန်းက ပြောသည်။
.
ပြီးခဲ့သည့်
ဧပြီလ ၈ ရက်မှ စတင်ကာ COVID-19 ရောဂါ ထိန်းချုပ်ရေး အစီအစဉ်အရ တရုတ်နိုင်ငံဘက်မှ သတ်မှတ်ထားသည့် အစားထိုး ယာဉ်မောင်းများဖြင့် ဝမ်တိန်သစ်သီးကုန်ပစ္စည်း
ချကွင်းသို့ ဝင်ရောက် မောင်းနှင်ခွင့် စတင်ခဲ့ခြင်း ဖြစ်ပြီး ယင်းကဲ့သို့ မောင်းဝင်ရာ၌
ယာဉ်မောင်းကျွမ်းကျင်မှု လိုအပ်ချက်အရ ယာဉ် ထိခိုက်ပျက်စီးမှုများ ဖြစ်ပေါ် နေကြရသည့်အပြင်
မီးဘေး ဖြစ်ပေါ်မှုက အစ စိုးရိမ်စိတ်များဖြင့် မော်တော်ယာဉ်များ ပြန်လည် မထွက်လာခင်ထိ
သောက ဖြစ်နေကြရသည်ဟု ယာဉ်မောင်းနှင့် ယာဉ်ပိုင်ရှင်များက ပြောဆိုနေကြသည်။
.
“ ပွဲရုံ
ပွဲစားတွေကတော့ အကျိုးဆောင်ခ ရနေတာဖြစ်လို့ မထိခိုက်ပါဘူး၊ ကုန်ပိုင်ရှင်တွေကလည်း
သူ့ကုန်ပစ္စည်း တစ်ဘက်က ဝယ်သူ လက်ထဲ ရောက်တာ ဖြစ်လို့ သူလည်း ပြဿနာ မရှိပါဘူး၊
အကောက်ခွန်ဌာနကလည်း အခွန် ရပြီးသား ဖြစ်ပါတယ်။ ပြဿနာ ရှိတာက ယာဉ်ပိုင်ရှင်နဲ့
ယာဉ်မောင်းတွေပါပဲ။ ကိုယ့်ကားကြီးကို
တွေ့ကရာ ပေါက်ကရ လူတွေကို တက်မောင်းခိုင်းပြီး မျက်ကွယ်မှာ ၃ ညလောက် ပစ်ထားရတဲ့
ကိစ္စပါ၊ ရက်ပိုင်းအတွင်း မီးလောင်တာ၊ ကလပ်ချော်တာတွေ ကားပျက်စီးတာတွေ ဖြစ်လာတာတွေကို
စဉ်းစားပေးကြပါလို့ အကြံပြုပါတယ်။” ဟု ယာဉ်မောင်း ကိုရန်ငြိမ်းက ပြောသည်။
.
ဧပြီလ ၁၀
ရက်တွင် သခွားတင်ယာဉ် ၂ စီးမှာ ကလပ်ပလိတ် ချော်ခြင်း၊ အုတ်တိုင်ကို တိုက်ကာ
ပျက်စီးရခြင်းများ ဖြစ်ပေါ်ခဲ့ရပြီး ယင်းကဲ့သို့ ဖြစ်ပေါ်ရခြင်းမှာ
မကျွမ်းကျင်သည့် တရုတ်ယာဉ်မောင်းများကြောင့် ဖြစ်သည်ဟု ၎င်းက ဆိုသည်။
.
မူဆယ် ခွာညိုသစ်သီးပွဲရုံမှ
ဦးစိုင်းခင်မောင်က “ မနေ့လည်း ၁ ခု၊ ဒီနေ့လည်း ဖြစ်စဉ် ၂ ခု ဖြစ်ပါတယ်။ မျက်မြင် တွေ့ရတဲ့
ပျက်စီးမှုတွေကို သစ်သီးဝလံဒိုင်က လျော်ပေးပါတယ်၊ မမြင်ရတာတော့ မတတ်နိုင်ဘူးပေါ့၊
ဘာပဲ ဖြစ်ဖြစ် လုံးဝ ပိတ်သွားတာ မဟုတ်ဘဲ ကုန်စည် စီးဆင်းနေသေးတာ ဖြစ်လို့
အကောင်းဆုံး ဖြစ်အောင်တော့ ဆောင်ရွက်နေပါတယ်။ ဆိုင်တွေ ပိတ်ထားတော့ ငွေဈေးတောင် မသေချာဘူး
ဖြစ်နေပါတယ်။” ဟု ပြောသည်။
.
မူဆယ် ၁၀၅ မိုင်
အခြေစိုက် သစ်သီးဝလံဒိုင်မှ ကြေညာချက် (၉/၂၀၂၀)ဖြင့် အစားထိုး ယာဉ်မောင်းများကြောင့်
ဖြစ်ပေါ်လာသည့် ပြဿနာ အရပ်ရပ်အား တာဝန်ယူ ဖြေရှင်းပေးမည်ဟု ဧပြီလ ၇ ရက်က ထုတ်ပြန် ကြေညာထားပြီး
ယနေ့ ဧပြီလ ၁၁ ရက်တွင် မူဆယ်သစ်သီးဝလံဒိုင်မှ တရုတ်နိုင်ငံကျင်စန်းကျော့ဂိတ်၊
ဝမ်တိန်ကွင်းသို့ သစ်သီး ချရန် အဝင် စောင့်နေသည့် ကားစီးရေ ၁၀၀၀ ကျော် ရှိနေကြောင်း
သိရသည်။