.
ရှမ်းပြည်နယ်မြောက်ပိုင်း၊
ကွတ်ခိုင်မြို့နယ်အတွင်း
လုံခြုံရေးဆောင်ရွက်နေသော တပ်ဖွဲ့ဝင်များသည် ဧပြီလ ၉ ရက်၊ နံနက်ပိုင်းတွင်
လွယ်ခမ်ကျေးရွာရှိ နေအိမ် အဆောက်အဦအတွင်းမှ လက်နက်/ခဲယမ်း၊ မူးယစ်ဆေးဝါးများနှင့်
ဆက်စပ်ပစ္စည်းများကို ထပ်မံ သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။
.
လွယ်ခမ်ကျေးရွာရှိ နေအိမ် အဆောက်အဦး အတွင်း ဝင်ရောက် ရှာဖွေစဉ် မြေအောက်ခန်း ၂ ခန်းအတွင်းမှ Type-81 အမျိုးအစား သေနတ် ၁ လက်၊ ၎င်းကျည် အိမ် ၁ ခု၊ Wilson Combat(FM
9) သေနတ် ၄ လက်၊ ၄င်းကျည်အိမ်
၈ ခု၊ M-22 ကျည် ၁၂၃
တောင့်၊ WY
စာတန်းပါ စိတ်ကြွ ရူးသွပ်ဆေးပြား ၃၆ဝဝဝဝ ပြား၊ 88/1 စာတန်းပါ စိတ်ကြွ ရူးသွပ်ဆေး ပြား ၉၆ဝဝဝဝ ပြား၊
ဘိန်းဖြူဆပ်ပြာခွက် ၁၃၇ ခွက် (၁ ဒသမ ၃၇
ကီလို)၊ ဘိန်းစိမ်း ၆ ကီလိုနှင့်
ကဖင်းအမှုန့် ၁ဝဝဝ ကီလို (စုစုပေါင်း မူးယစ်ဆေးဝါးနှင့် ဆက်စပ်ပစ္စည်းများ
ခန့်မှန်းတန်ဖိုးငွေ ကျပ် ၂ ဒသမ ၇ ဘီလီယံကျော်)အား တွေ့ရှိ သိမ်းဆည်းရမိခဲ့ခြင်း ဖြစ်ကြောင်း
တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ရုံး၏ ထုတ်ပြန်ချက်အရ သိရသည်။
.
ကွတ်ခိုင်မြို့နယ်အတွင်း၌
ဖေဖော်ဝါရီ ၂၈ ရက်မှ ဧပြီလ ၉ ရက်အထိ သိမ်းဆည်း
ရမိသော မူးယစ်ဆေးဝါးနှင့် ဆက်စပ် ပစ္စည်းများ၏ စုစုပေါင်း တန်ဖိုးငွေမှာ ကျပ် ၄၁၄
ဘီလီယံကျော် ဖြစ်ပြီး သိမ်းဆည်းရမိသည့် လက်နက်/ခဲယမ်းများ၊ မူးယစ်ဆေးဝါးများနှင့် ဆက်စပ်
ပစ္စည်းများကို သက်ဆိုင်ရာသို့ စနစ်တကျ
လွှဲပြောင်းအပ်နှံသွားမည် ဖြစ်ကြောင်း သိရသည်။