.
နွေရာသီတောင် မရောက်သေးဘဲနဲ့ ရေသန့်က ဈေးတန်းတက်တော့တာဖြစ်ကြောင်း ပြီးတော့လိုလို့ မှာရင် အတော်ကြာ စောင့်ရကြောင်း တော်တော်နဲ့ မရကြောင်း မလိုတဲ့ မိုးတွင်းတုန်းက ဆိုရင်တော့ ဖားတွေလို အိမ်ရှေ့မှာ နေ့တိုင်း လာအော်နေတာလို့ တောင်ကြီးဒေသခံ တစ်ဦးက အဲ့ဒီလို ပြောဆိုပါတယ်။
.
အဲဒီ ကိစ္စနှင့် ပတ်သက်ပြီး တောင်ကြီးမြို့မှာရှိတဲ့ သောက်ရေသန့် လုပ်ငန်းရှင် တစ်ဦးက ကုန်ကျစရိတ် တွေ၊ မီတာခတွေ အကုန်လုံး တက်လာတဲ့အတွက်ကြောင့် ဈေးတက်ကြတာဖြစ်ကြောင်း။ ကုန်ကျ စရိတ်နဲ့ဆိုတော့ တစ်ဘူးကို ၆၀၀ ရောင်းမှ အဆင်ပြေမှာဖြစ်လို့ ရောင်းချတာလို့ ဆိုပါတယ်။
.
အရင်နှစ်တွေမှာ မီတာခ တစ်လဆိုရင် ကျပ် ၁၂ သိန်းခန့်သာ ပေးဆောင်ခဲ့ရသော်လည်း အခုနှစ်မှာတော့ သိန်း ၃၀ ကျော်ခန့် ပေးဆောင်နေရပြီး အခြား အထွေထွေ ကုန်ကျစရိတ်တွေကလည်း မြင့်တက်လာတာဖြစ်လို့ လက်ရှိမှာ စက်သုံးဆီဈေး အနည်းငယ် ကျဆင်းနေတဲ့အပြင် လျှပ်စစ်မီး ပုံမှန်ရရှိနေတဲ့အတွက် ဈေးနှုန်း အနည်းငယ်သာ တိုးမြှင့်ရတာလို့ ဆိုပါတယ်။
.
ပြတ်တာ များလာပြီး အခွန်တွေလည်း တက်လာမှာဖြစ်ကြောင်း ကုန်ကြမ်းဈေးတွေလည်း တက်လာမယ်ဆိုရင်တော့ တတ်နိုင်သမျှ တောင့်ခံထားရမှာ ဖြစ်ကြောင်းနဲ့ မတတ်နိုင်ရင်တော့ ဒီထက် ထပ်တက်သင့်ရင် တက်ရမှာလို့ ရေသန့် လုပ်ငန်းရှင်တစ်ဦးက ဆိုပါတယ်။
.
တောင်ကြီးမြို့ပေါ်မှာ ဆိုလာ၊ ချန်ပီယံ၊ ရှမ်းရိုးမ၊ ဇာမဏီ စတဲ့ သောက်ရေသန့် လုပ်ငန်း ၁၀ ခုခန့် တည်ရှိပြီးတော့ ယခု ဈေးနှုန်းတိုးမြှင့် ကောက်ခံတာကို သောက်ရေသန့်လုပ်ငန်းအားလုံး ပြုလုပ်တာဖြစ်တယ်လို့ သိရပါတယ်။
.
တောင်ကြီးမြို့နယ်မှာ မြို့ ၄ မြို့ ၊ ရပ်ကွက် ၅၁ ရပ်ကွက်၊ ကျေးရွာအုပ်စု ၂၄ အုပ်စု ရှိပြီးမြို့နယ် လူဦးရေ စုစုပေါင်း ၃၈၉၁၉၁ ဦး ရှိကာ မြို့နယ်လူဦးရေရဲ့ ၃၅ ဒသမ ၂၂ ရာခိုင်နှုန်း ဖြစ်တဲ့ ၁၃၇၀၆၈ ဦးဟာ တောင်ကြီးမြို့ပေါ် ၂၂ ရပ် ကွက်တွင် နေထိုင်ကြတယ်လို့ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရဲ့ ဒေသဆိုင်ရာ အချက်အလက်တွေအရ သိရပါတယ်။