မင်းဇော်မင်း
.
ထိုင်းနိုင်ငံသို့
ရောက်ရှိနေသည့် မြန်မာနိုင်ငံသား အလုပ်သမားများအား တတ်နိုင်သမျှ ခရီးသွားလာခြင်းနှင့်
နေရပ်ပြန်ခြင်း မပြုကြရန် ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ရှိ မြန်မာသံရုံးက မတ်လ ၁၅ ရက်တွင်
ပန်ကြားချက်တစ်စောင် ထုတ်ပြန်ကြေညာခဲ့သည်ဟု သိရသည်။
.
.
ယင်းထုတ်ပြန်ချက်တွင်
ထိုင်းအစိုးရအနေဖြင့် COVID-19 ကို အန္တရာယ်ရှိသော ကူးစက်မြန်ရောဂါအဖြစ် သတ်မှတ်ကြေညာထားပြီး
ရောဂါကူးစက်မှုထိန်းချုပ်နိုင်ရေးအတွက် အပြည်ပြည်ဆိုင်ရာ ထွက်ပေါက်/ဝင်ပေါက် လေဆိပ်၊
ရေဆိပ်၊ နယ်စပ်ဂိတ်များမှတဆင့်ဝင်ရောက်လာသော ခရီးသွားများကို စစ်ဆေးမှု အထူးကြပ်မတ်
စစ်ဆေးလျက်ရှိကြောင်း၊ ထိုင်းနိုင်ငံအတွင်းရှိ စက်ရုံ၊ အလုပ်ရုံ များ၌လည်း ရောဂါ ကာကွယ်ရေးစီမံချက်များ
ချမှတ်ဆောင်ရွက်လျက် ကျန်းမာရေး အဖွဲ့များဖြင့် ကြပ်မတ်စောင့်ကြည့် သွားမည်ဖြစ်ပြီး
ရောဂါဖြစ်ပွားမှု ဖြစ်ပွားမှုရှိသော နိုင်ငံများ (သို့မဟုတ်) မိမိနေရပ်များသို့ ပြန်သွားပြီး
ပြန်လည်ရောက်ရှိပါက အလုပ်ရှင်များသို့ အကြောင်းကြားရမည်ဖြစ်ကြောင်း ဖော်ပြပါရှိသည်။
ထို့အပြင်
သင်္ကြန်ကာလ မိခင်နိုင်ငံသို့ ပြန်ပြီးနောက် ထိုင်းနိုင်ငံသို့ ပြန်လည်ဝင်ရောက်လာသူများသည်
၁၄ ရက်ကြာ သီးသန့်ခွဲထားစောင့်ကြည်မှုကို ခံရမည်ဖြစ်ကြောင်း အပါအဝင် ညွှန်ကြားချက်များကို
ထုတ်ပြန်ထားပြီး ဖြစ်ကာ အလုပ်သများများ ခရီးသွားလာမှုကို အားမပေးလိုသောကြောင့် သင်္ကြန်ကာလ
နေရပ်ပြန်အလုပ်သမား များအား ထိုင်း Re-entry visa ကြေးကို ယခင်နှစ်များကလို ကင်းလွတ်ခွင့်မပြုဘဲ
ဘတ် ၁၀၀၀ ကောက်ခံသွားရန် ထိုင်းအစိုးရမှ ချမှတ်ထားရာ မြန်မာအလုပ်သမားများ ကျန်းမာရေး၊
စီးပွားရေး၊ လူမှုရေးအပြင် အလုပ်သမား မိသားစုဝင် ဘဝများ၏ ဘဝလုံခြုံမှုကိုပါ ကာကွယ်စောင့်ရှောက်နိုင်ရန်
ရှေ့ရှုလျက် ထိုင်းနိုင်ငံရောက် မြန်မာ အလုပ်သမားများအား ဧပြီလ ၃၀ ရက် အထိ တစ်နိုင်ငံနှင့်တစ်နိုင်ငံ
ကူးလူးသွားလာမှုများ၊ ခရီးသွားလာမှုများနှင့် မြန်မာနိုင်ငံသို့ ခေတ္တ ပြန်ခြင်းများကို
တတ်နိုင်သမျှ ရှောင်ကြဉ်ကြပါရန် ပန်ကြားတိုက်တွန်းအပ်ပါသည်ဟု ဖော်ပြပါရှိပါသည်။
.
ထိုင်းနိုင်ငံအတွင်း
မြန်မာနိုင်ငံမှ ရွှေ့ပြောင်းလုပ်သား တရားဝင်/တရားမဝင် စုစုပေါင်း ၃ သိန်းခန့် ရှိနေသည်ဟု
ထိုင်းနိုင်ငံအခြေစိုက် ရွှေ့ပြောင်းလုပ်သားများ ကူညီရေးအဖွဲ့များထံက သိရသည်။
.