ကျောင်းသား/သူများ၏ စည်းလုံးညီညွတ်မှုကို ပြသနိုင်ရန်အတွက် တောင်ကြီးတက္ကသိုလ် ဒုတိယအကြိမ် ကျောင်းသင်္ကြန်ပွဲတော် ကျင်းပ - Kanbawza Tai News

Breaking

Boxed(True/False)

Friday, March 6, 2020

ကျောင်းသား/သူများ၏ စည်းလုံးညီညွတ်မှုကို ပြသနိုင်ရန်အတွက် တောင်ကြီးတက္ကသိုလ် ဒုတိယအကြိမ် ကျောင်းသင်္ကြန်ပွဲတော် ကျင်းပ


စုလှိုင်
.
ရှမ်းပြည်နယ်မြို့တော် တောင်ကြီးမြို့ရှိ တောင်ကြီးတက္ကသိုလ်တွင် ကျောင်းသား/သူများ၏ စည်းလုံးညီညွတ်မှုကို ပြသနိုင်ရန်အတွက် ယနေ့ မတ်လ ၆ ရက်၊ နံနက်ပိုင်းက ဒုတိယအကြိမ် ကျောင်းသင်္ကြန်ပွဲတော် ကျင်းပခဲ့ကြောင်း သိရသည်။
.
 
.
“သင်္ကြန်ဆိုတာ မြန်မာ့ရိုးရာယဉ်ကျေးမှု ပွဲတော်ကြီးတစ်ခုဖြစ်တဲ့အတွက် ကျင်းပတာဖြစ်ပါတယ်။ တောင်ကြီး တက္ကသိုလ်မှာရှိတဲ့ တက္ကသိုလ်ကျောင်းသား/သူတွေအားလုံးဟာ ဘယ်လောက်အထိ စည်းလုံးတယ်ဆိုတာ ပြသဖို့ အတွက် ဒီပွဲလေး ကျင်းပရခြင်းဖြစ်ပါတယ်” ဟု တောင်ကြီးတက္ကသိုလ် ကျောင်းသင်္ကြန်ပွဲတော် ဖြစ်မြောက်ရေး ကော်မတီဥက္ကဋ္ဌ မအိအိဖြူက ကမ္ဘောဇတိုင်းသို့ ပြောသည်။
.
ယခုနှစ် တောင်ကြီးတက္ကသိုလ် ကျောင်းသင်္ကြန်ပွဲတော်ကို ယခင်နှစ်နှင့် မတူအောင် စီစဉ်ဆောင်ရွက်ထားပြီး ရောင်စုံ သင်္ကြန်၊ ဆပ်ပြာမြုပ်များ၊ ပူစီဖောင်းများဖြင့် ရေကစားနိုင်ရန် ပြုလုပ်ထားကာ နိုင်ငံကျော် တေးသံရှင်များကိုလည်း ဖိတ်ခေါ်ထားကြောင်း သိရသည်။
.
“ဒီကျောင်းသင်္ကြန်ကို စည်စည်ကားကား ကျင်းပမယ်လို့ အားထည့်ခဲ့ရတာလေးတွေ ရှိတယ်။ ဒီပွဲကို လူဦးရေ တစ်သောင်းကျော် လာမယ်လို့ ခန့်မှန်းပြီးတော့ ကြိုးစားဆောင်ရွက်ခဲ့တယ်။ အခြေအနေအရ လူဦးရေလျှော့ချဖို့ ဖြစ်လာတဲ့အတွက် လူဦးရေကို စိစစ်ပြီး လျှော့ချခဲ့ရတယ်။ လူဦးရေ ၃၀၀၀ ပဲပါဝင်ဆင်နွှဲခွင့်ပြုထားတယ်” ဟု မအိအိဖြူက ဆက်လက်ပြောဆိုခဲ့သည်။
.
အဆိုပါ ကျောင်းသင်္ကြန်ပွဲတော်ကို လူဦးရေကန့်သတ်ထားသည့်အပြင် ယာဉ်ထိန်းရဲတပ်ဖွဲ့မှလည်း အတားအဆီးများ ချထားပေးကြောင်း သိရသည်။
.
ထို့အပြင် ကျောင်းသား/သူများ၏ ကျန်းမာရေး စောင့်ကြပ်ကြည့်ရှုခြင်းအတွက် ကြက်ခြေနီတပ်ဖွဲ့နှင့် တာဝန်ရှိသူများက ခန္ဓာကိုယ် အပူချိန်တိုင်းတာခြင်း၊ လက်ဆေးခြင်းများကို ဆောင်ရွက်ပေးလျက်ရှိပြီး နာခေါင်းစည်း တပ်ဆင်ရန်လည်း တိုက်တွန်းနှိုးဆော်ထားကြောင်း သိရသည်။
.

လက်ရှိ ကမ္ဘာတစ်ဝှမ်းတွင် ဖြစ်ပွားနေသော COVID -2019 ဗိုင်းရပ်စ်ပြင်းထန် အဆုတ်ရောင် ရောဂါ ကြောင့်လူစုလူဝေး ပွဲတော်များ ကျင်းပခြင်းကို ဖျက်သိမ်းရန် ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ တိုက်တွန်းထားသော်လည်း တောင်ကြီး တက္ကသိုလ် ကျောင်းသင်္ကြန်ပွဲတော်ကို လူဦးရေ လျော့ချပြီး ကျင်းပပြုလုပ်ခြင်းဖြစ်ကြောင်း သိရသည်။
.

No comments:

Post a Comment

Journal Download

Photo of three cats

Fixed Sidebar (true/false)