COVID-19 ကြောင့် တက္ကသိုလ် စာမေးပွဲများ ရပ်ဆိုင်း - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်းသတင်းဂျာနယ်သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (မြဲ-၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် တရားဝင် သတင်းမီဒီယာ တစ်ခု ဖြစ်ပါသည်။

Tuesday, March 24, 2020

COVID-19 ကြောင့် တက္ကသိုလ် စာမေးပွဲများ ရပ်ဆိုင်း


စိုင်းရာဇာ
.
ကမ္ဘာတစ်ဝှမ်း ဖြစ်ပွားလျက်ရှိသော COVID-19 ကြောင့် တက္ကသိုလ်စာမေးပွဲ ဖြေဆိုမှုများကို ရပ်ဆိုင်းလိုက်ကြောင်း ယနေ့ မတ်လ ၂၄ ရက်တွင် တောင်ကြီးတက္ကသိုလ် ပညာရေးအဖွဲ့က ကြေညာခဲ့သည်ဟု သိရသည်။
.
.
“ကျွန်မတို့ကျောင်းလည်း အခုပဲ အစည်းအဝေးပြီးတာပါ။ ကြေညာချက်လည်း ထုတ်ပြန်ထားပါတယ်။ ရပ်ဆိုင်းလိုက်တယ်ဆိုပြီး ထုတ်ပြန်ထားပါတယ်" ဟု တောင်ကြီးတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာ မူမူမြင့်က ကမ္ဘောဇတိုင်းသို့ ပြောသည်။
.
တောင်ကြီးတက္ကသိုလ် ပညာရေးအဖွဲ့၏ အရေးပေါ် ဆုံးဖြတ်ချက်အရ မတ်လ ၁၈ ရက်မှ စတင်ဖြေဆိုလျက်ရှိသော တောင်ကြီးတက္ကသိုလ် စာမေးပွဲများအားလုံးကို မတ်လ ၂၄ ရက်မှ စ၍ ရပ်ဆိုင်းလိုက်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
.
ထို့အတူ တောင်ကြီးတက္ကသိုလ် ကျောင်းသားများသမဂ္ဂအဖွဲ့ ဥက္ကဋ္ဌ မအိဖြူကလည်း "တရားဝင် ထုတ်ပြန်လိုက်ပါပြီ။ စာမေးပွဲရက် အစားထိုး ပြုလုပ်မယ့်ဟာကို နောက်ကျမှ စာပြန်ပြီး ထုတ်ပြန်ပေး သွားမှာပါ" ဟု ပြောသည်။
.
ကျောင်းသား ကျောင်းသူများအနေဖြင့် မိမိနေရပ်ထံသို့ အမြန်ပြန်၍ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ညွှန်ကြားချက်များကို လိုက်နာနေထိုင်ကြရန် တိုက်တွန်းထားကြောင်း သိရသည်။
.
အလားတူ အဝေးသင် သင်တန်းများ၏ ကျောင်းဝင်မှတ်ပုံတင်ခြင်းနှင့် စာစဥ်ထုတ်ယူခြင်း တင်သွင်းခြင်းကိစ္စရပ်များကို မတ်လ ၂၄ ရက်မှ ယာယီရပ်ဆိုင်းထားကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
.
ထို့အတူ ကျိုင်းတုံမြို့ရှိ နည်းပညာတက္ကသိုလ်၊ ကွန်ပျူတာတက္ကသိုလ်နှင့် ကျိုင်းတုံတက္ကသိုလ်များတွင် ပြုလုပ်နေ သည့် နှစ်ဝက်စာမေးပွဲများကိုလည်း ယနေ့ မတ်လ ၂၄ ရက်တွင် ယာယီရပ်နားလိုက်ကြောင်း ယင်းတက္ကသိုလ် များက ကြေညာခဲ့သည်ဟု သိရသည်။
.
ရန်ကုန်မြိူ့ရှိ ဝေဘာဂီဆေရုံနှင့် ချင်းပြည်နယ်၊ တီးတိန်ဆေးရုံတို့တွင် COVID-19 ရောဂါပိုး တွေ့ရှိခဲ့မှုကြောင့် ယင်းကျောင်းအသီးသီးရှိ တက္ကသိုလ်ပညာရေးအဖွဲ့များ၏ ဆုံးဖြတ်ချက်အရ မတ်လ ၂၄ ရက်မှ စတင်၍ စာမေးပွဲ ဖြေဆိုမှုများအား ယာယီရပ်ဆိုင်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
.

No comments:

Post a Comment

Journal Download

Photo of three cats

About