ဗျတ္တ
.
တောင်ကြီးမြို့၊
ချမ်းသာရပ်ကွက်၊ ဝါးပြားအတက်လမ်းနေ အလှူရှင်တစ်ဦးမှ စာဖတ်ရှိန်မြှင့်တင်ရေး
ကွန်ရက် (ရှမ်းပြည်နယ်) သို့ သုတ/ရသနှင့် ရုပ်ပြကာတွန်းစာအုပ်များ အပါအဝင်
စာအုပ်စာစောင်မျိုးစုံ ၅၀၀ ကျော်ကို မတ်လ ၁၇ ရက်က လာရောက်လှူဒါန်းခဲ့ကြောင်း
သိရသည်။
.
.
“အရင်တုန်းက
စာအုပ်အငှားဆိုင်ဖွင့်တယ်။ အခုနောက်ပိုင်း နားလိုက်တော့ အိမ်မှာ
စာအုပ်တွေကပိုနေတယ်။ စာအုပ်အတော်များများကို ကိုယ်တိုင်လည်း ဖတ်ပြီးနေပြီဆိုတော့
စာအုပ်ဖတ်ချင်တဲ့ သူတွေ ဖတ်လို့ရအောင် လှူတာ ဖြစ်ပါတယ်။ အခုက
ကျောင်းပိတ်ချိန်ဖြစ်တော့ စာဖတ်ချင်တဲ့ လူငယ်လူရွယ်လေးတွေ ဖတ်နိုင်ဖို့အတွက်
အဓိကရည် ရွယ်ပြီးလှူဖြစ်တာပါ” ဟု အလှူရှင် ဦးစိုးလှိုင်အေးက ကမ္ဘောဇတိုင်းသို့
ပြောသည်။
အဆိုပါ
လှူဒါန်းမှုကို တောင်ကြီးမြို့၊ အနောက်မြို့ပတ်လမ်းတွင် ဖွင့်လှစ်ထားသည့်
စာဖတ်ရှိန်မြှင့်တင်ရေး ကွန်ရက်တွင် လာရောက်လှူဒါန်းခဲ့ခြင်းဖြစ်ပြီး
ကွန်ရက်ဥက္ကဋ္ဌ ဦးအောင်ဆန်းဝင်းက လက်ခံရယူခဲ့သည်ဟု သိရသည်။
.
“ကွန်ရက်အနေနဲ့
စာအုပ်စာပေ လိုအပ်တဲ့ ကျေးရွာစာကြည့်တိုက်တွေ၊ ကျောင်းစာကြည့်တိုက်နဲ့ ရပ်ကွက်
စာကြည့်တိုက်တွေကို အလျဉ်းသင့်သလို တစ်ဆင့်ပြန်လှူပေးပါတယ်။ စာကြည့်တိုက်
မရှိသေးတဲ့ နေရာတွေမှာလည်း စာကြည့်တိုက်တွေ ဖြစ်လာအောင် လုပ်ဆောင်ပေးဖို့
ဝိုင်းဝန်းကြိုးစားနေကြပါတယ်။ အမှန်တကယ် လိုအပ်တဲ့ နေရာ တွေကို
တစ်ဆင့်ပြန်လှူနိုင်အောင် အခုလို လာရောက်လှူဒါန်းပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်” ဟု
စာဖတ်ရှိန် မြှင့်တင်ရေးကွန်ရက် (ရှမ်းပြည်နယ်) ဥက္ကဋ္ဌ ဦးအောင်ဆန်းဝင်းက
ကမ္ဘောဇတိုင်းသို့ ပြောသည်။
.
နည်းပညာ
ဖွံ့ဖြိုးတိုးတက်လာမှုကြောင့် ပြည်သူလူထုအကြား စာပေဖတ်ရှုမှု အားနည်းလာသော်လည်း
လုံးဝ ပျောက်ကွယ်သွားမည် မဟုတ်သောကြောင့် ကွန်ရက်အနဖြင့် စာဖတ်ရှိန်မြှင့်တင်ရေးလုပ်ငန်းများကို
ဆက်လက်လုပ် ဆောင်သွားမည်ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောဆိုခဲ့သည်။
.
စာဖတ်ရှိန်မြှင့်တင်ရေးကွန်ရက်(ရှမ်းပြည်နယ်)ကို
၂၀၁၇ ခုနှစ်၊ မေလက ရှမ်းပြည်နယ်အတွင်းရှိ စာရေးဆရာ/ ဆရာမများ၊
စာပေချစ်မြတ်နိုးသူများဖြင့် ဖွဲ့စည်းခဲ့ခြင်းဖြစ်ပြီး စတင်ဖွဲ့စည်းချိန်မှစ၍
ယနေ့အထိ စာအုပ်၊ စာပေများ လှူဒါန်းခြင်း၊ တောင်ကြီးတန်ဆောင်တိုင်ပွဲတော်
စာပေဆိုင်ရာ ပြိုင်ပွဲများတွင် ပူးပေါင်းပါဝင်ဆောင်ရွက်ခြင်း၊ အခြေခံ
ပညာကျောင်းများတွင် စာပေဆိုင်ရာ ဆွေးနွေးဟောပြောခြင်းတို့ကို ဆောင်ရွက်ပေးလျက်ရှိကြောင်း
သိရသည်။
.