ဗျတ္တ
.
လတ်တလောကမ္ဘာ့တစ်ဝှမ်းကပ်ရောဂါအသွင်ဖြစ်ပွားနေသည့် ကိုရိုနာဗိုင်းရပ်စ်
(Covid-19) ရောဂါကူးစက်မှုမှ ကာကွယ်နိုင်ရန်အတွက်လူစုလူဝေးများတတ်နိုင်သမျှရှောင်လွှဲခြင်း၊
စားသောက်ဆိုင်များတွင် ဆိုင်ထိုင်စားသုံး ခြင်းမပြုဘဲ ပါဆယ်ဝယ်၍ မိမိအိမ်၌သာ စားသုံးကြရန်
ရှမ်းပြည်နယ်စည်ပင်သာယာရေးကော်မတီ၏ ညွှန်ကြားချက်ကြောင့် တောင်ကြီးမြို့ပေါ်ရှိ ညစျေးတန်းများတွင်
လာရောက်စားသုံးသူ နည်းပါးလျက်ရှိကြောင်း သိရသည်။
.
.
ရှမ်းပြည်နယ်မြို့တော်၊ တောင်ကြီးမြို့တွင် အဓိကအားဖြင့် မြို့မစျေးကြီးတောင်ဘက်ရှိ
ညစျေးတန်း၊ အထက ၃ ကျောင်းရှေ့တွင်ရှိသည့် Night 38 ညစျေးတန်းနှင့် သီးသန့်ရဲစခန်းမြောက်ဘက်လမ်းကြားရှိညစျေးတန်းများကို
မွန်းလွဲ ၂ နာရီနောက်ပိုင်းတွင် ဖွင့်လှစ်ရောင်းချကြပြီး မြို့မစျေးကြီးတောင်ဘက်ရှိ
ညစျေးတန်းမှာ မနက်လင်းပိုင်း အထိညစဉ်ရောင်းချသည့် ညစျေးတန်းဖြစ်သည်။
“အရင်ရက်တွေကတော့ အစောပိုင်းချိန်လူရှိပြီး နည်းနည်းတော့ရောင်းရသေးတယ်။
ဒီရက်ပိုင်းကတော့ သိသိ သာသာကို ပါးသွားတယ်။ ဆိုင်မှာထိုင်စားတဲ့လူလည်း မရှိသလောက်ပေါ့။
လာတဲ့လူတော်တော်များများကလည်း ပါဆယ် ထုပ်သွားကြတာများတယ်။ အရင်တုန်းကမိုးလင်းပိုင်းနားထိ
ရောင်းရတယ်။ အခုက ၁၁ နာရီလောက်ဆိုရင် တောင် လူကမရှိတော့ဘူး ” ဟုမြို့မစျေးကြီးတောင်ဘက်ညစျေးတန်းတွင်ရောင်းချနေသည့်စျေးသည်
တစ်ဦးကပြောသည်။
.
ယခုရက်ပိုင်းအတွင်း ကမ္ဘာတစ်ဝှမ်းတွင် ဖြစ်ပွားနေသည့် COVID-19
ကပ်ရောဂါ ကူးစက်မှုအပြင် မြန်မာနိုင်ငံသားများနှင့်
ထိုင်းနိုင်ငံတွင်းမှ မြန်မာနိုင်ငံသား များ နေ့စဉ်အလုံးအရင်းဖြင့် ပြန်လည် ဝင်ရောက်လာနေသည့်အတွက်
ရောဂါကူးစက်ပြန့်ပွားမှုကို ကာကွယ်နိုင်ရန်အတွက် တတ်နိုင်သမျှ အပြင်သွားခြင်းကို ရှောင်ကျဉ်ရန်၊
လူစုလူဝေးများပြုလုပ်ခြင်းမပြုရန်၊ လက်ကိုမကြာခနဆေးကြောရန်နှင့် သက်ဆိုင်ရာတာဝန်ရှိသူများ၏
ကျန်းမာရေးအသိပေးချက်များကို လိုက်နာရန်လိုအပ်ကြောင်း သက်ဆိုင်ရာ တာဝန်ရှိသူများမှ
တိုက်တွန်းနှိုးဆော်လျက်ရှိသည်။
.
မြန်မာနိုင်ငံတွင် ကိုရိုနာဗိုင်းရပ် (Covid-19) ရောဂါပိုးတွေ့ရှိသူ
၈ ဦးအထိရှိလာပြီဖြစ်သည့်အတွက် ကျန်းမာရေး ဆိုင်ရာ အသိပေးနှိုးဆော်ချက်များကို တိတိကျကျလိုက်နာရန်လိုအပ်ပြီး၊
ဖောက်ဖျက်ကျူးလွန်သူများကိုလည်း ထိရောက်သည့်အရေးမှုများလုပ်ဆောင်ရန်လိုအပ်ကြောင်း ဒေသခံများပြောဆိုကြသည်။
.