စုလှိုင်
.
ကမ္ဘာတစ်ဝှမ်း
ကူးစက်ဖြစ်ပွားနေသည့် လတ်တလောအသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါ COVID-19 ရောဂါအပြင် ယင်းရောဂါကြောင့်
ဖြစ်ပေါ်လာမည့် နောက်ဆက်တွဲအကျိုးသက်ရောက်မှု ပြဿနာများကို ဖြေရှင်း
ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်က
ပြောဆိုခဲ့သည်။
.
.
ရှမ်းပြည်နယ်အတွင်း
COVID-19 လတ်တလောအသက်ရှူလမ်းကြောင်းဆိုင်ရာ
ရောဂါ ဖြစ်ပွားမှုမရှိစေရေး စောင့်ကြပ်ကြည့်ရှု ကာကွယ်ရေး ဒုတိယအကြိမ်
လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို မတ်လ ၁၉ ရက်က တောင်ကြီးမြို့၊
ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမတွင် ကျင်းပရာ အစည်းအဝေးတွင်
ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တ တာလင်းထွဋ်က ယင်းကဲ့သို့ ပြောကြားခဲ့ခြင်းဖစ်သည်။
“ဒီရောဂါနဲ့
ပတ်သက်လို့ ရောဂါရဲ့ Secondary Impact ခေါ်တဲ့ နောက်ဆက်တွဲ အကျိုးသက်ရောက်မှုတွေ ဖြစ်တဲ့ အလုပ်လက်မဲ့ဖြစ်တာတွေ၊
ဝင်ငွေလျော့ကျတာတွေ၊ မိသားစု စားဝတ်နေရေးပြဿနာတွေ ဖြစ်လာတာ စတာ တွေကို
ဖြေရှင်းဆောင်ရွက်သွားရမှာဖြစ်ပါတယ်။ ဒါတွေ တွေ့ရှိလာရင် သက်ဆိုင်ရာ
အုပ်ချုပ်ရေးအဖွဲ့အစည်းအဆင့် ဆင့်က အချိန်နဲ့ တစ်ပြေးညီ တင်ပြရမှာဖြစ်ပါတယ်။ နောက်တစ်ခုက
လူအများ တုန်လှုပ်ခြောက်ခြားပြီး ဦးတည်ရာ မရတဲ့ အခြေအနေမျိုးကို ဦးတည်မသွားရအောင်
အားလုံး ဝိုင်းဝန်းထိန်းသိမ်းဖို့ လိုပါတယ်။ ဒါကြောင့် ဆေးပညာရှင် များသာမက
လူထုအခြေပြုအဖွဲ့အစည်းတွေ၊ တိုင်းရင်းသားယဉ်ကျေးမှုအဖွဲ့အစည်းတွေ စတဲ့
အဖွဲ့အစည်းအသီးသီး၊ ဌာနဆိုင်ရာအသီးသီး က ပူးပေါင်းပါဝင်မှသာ ဒီရောဂါရဲ့
နောက်ဆက်တွဲ အကျိုးသက်ရောက်မှုတွေကို ကျော်လွှားနိုင် မှာဖြစ်ပါတယ်” ဟု
ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်က ပြောဆိုခဲ့သည်။
.
ထို့အပြင်
နိုင်ငံတော်ဝန်ကြီးချုပ်က လက်ရှိ ဖြစ်ပွားနေသော COVID-19 ရောဂါနှင့် ပတ်သက်၍ လူမျိုးရေး ခွဲခြားမှုမရှိဘဲ
စည်းရုံးရေးအမြင်ဖြင့် ပူးပေါင်းဆောင်ရွက်သွားရန်၊ နိုင်ငံခြားသား ခရီးသွားများကို
ခွဲခြားဆက်ဆံခြင်း မပြုရန်၊ နယ်စိပ်ဂိတ်များကို အထူးသတိထား စောင့်ကြပ်ရန်နှင့်
ပြည်သူအားလုံး ပူးပေါင်းပါဝင်မှသာလျှင် ပြည်ထောင် စုတစ်ဝှမ်းလုံး
ကပ်ရောဂါအန္တရာယ်မှ ကျော်လွှားနိုင်မည်ဖြစ်ကြောင်း ဆက်လက်ပြောဆိုခဲ့သည်။
.
ထို့နောက် တက်ရောက်လာသူများက
COVID-19 အဆုတ်ရောင်ရောဂါ
သံသယလူနာတွေ့ရှိမှု အခြေအနေ၊ ရောဂါစောင့်ကြပ်ကြည့်ရှုရေးလုပ်ငန်းများနှင့်
ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်ထားရှိမှု အခြေအနေတို့ကို ဆွေးနွေးခဲ့ကြကြောင်း
သိရှိရသည်။
.
အဆိုပါ
အစည်းအဝေးသို့ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်၊
ပြည်နယ် လုံခြုံရေးနှင့် နယ်စပ် ရေးရာဝန်ကြီး ဗိုလ်မှူးကြီးလှဦး၊
ပြည်နယ်စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီး ဦးစိုးညွန့်လွင်၊
ပြည်နယ်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးခွန်ရဲထွေး၊ ပြည်နယ်သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး
ဝန်ကြီး ဒေါက်တာညီညီအောင်၊ ပြည်နယ်လျှပ်စစ်၊ စွမ်းအင်နှင့်စက်မှုဝန်ကြီး
ဦးစိုင်းရှဲန်တစ်လုံ၊ ပြည်နယ်လူမှုရေး ဝန်ကြီး ဒေါက်တာမျိုးထွန်း၊
ပြည်နယ်စည်ပင်သာယာရေးဝန်ကြီး ဦးစိုင်းစွံဆိုင်း၊
ဗမာတိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ဒေါက်တာအောင်သန်းမောင်၊
ရှမ်းပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးစိုးစိုးဇော်၊
ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသဦးစီးအဖွဲ့ ဥက္ကဋ္ဌများ၊ ပြည်နယ်ကုသရေးနှင့်
ပြည်သူ့ကျန်းမာရေးဦးစီးဌာန (တောင်ကြီး၊ လားရှိုး၊ ကျိုင်းတုံ) မှတာဝန်ရှိသူများ၊
ပြည်နယ်အဆင့်ဌာနဆိုင်ရာများ၊ ပုဂ္ဂလိကဆေးရုံမှ တာဝန်ခံများ၊ လူမှုရေး
အသင်းအဖွဲ့များ တက်ရောက်ခဲ့ကြောင်း သိရသည်။
.