တောင်ကြီးတွင်ပြုလုပ်သော ဒုတိယအကြိမ် မျက်ကြည်လွှာနှင့် ခန္ဓာကိုယ်၊ ကိုယ်တွင်းအင်္ဂါအစိတ်အပိုင်းများ စုပေါင်းလှူဒါန်း၌ လှူဒါန်းသူ ၉၀ ကျော်ရှိ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

တောင်ကြီးတွင်ပြုလုပ်သော ဒုတိယအကြိမ် မျက်ကြည်လွှာနှင့် ခန္ဓာကိုယ်၊ ကိုယ်တွင်းအင်္ဂါအစိတ်အပိုင်းများ စုပေါင်းလှူဒါန်း၌ လှူဒါန်းသူ ၉၀ ကျော်ရှိ


စုလှိုင်
.
ရှမ်းပြည်နယ်မြို့တော်၊ တောင်ကြီးမြို့၊ စူဠာမုနိလောကချမ်းသာဘုရားတွင် ပြီးခဲ့သည့် မတ်လ ၂၁ ရက်က ဒုတိယအကြိမ် မျက်ကြည်လွှာနှင့် ခန္ဓာကိုယ်၊ ကိုယ်တွင်းအင်္ဂါအစိတ်အပိုင်းများ စုပေါင်းလှူဒါန်းပွဲနှင့် ရေစက်ချပွဲကို ပြုလုပ်ခဲ့ရာ လာရောက်လှူဒါန်းသူ ၉၀ ကျော် ရှိခဲ့သည်ဟု သိရသည်။
.

.
အဆိုပါ စုပေါင်းလှူဒါန်းပွဲကို တန်ဖိုးရှိသော လူသားများအဖွဲ့ချုပ်က ဦးဆောင်ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး မျက်ကြည် လွှာနှင့် ကိုယ်တွင်းအင်္ဂါအစိတ်အပိုင်း လှူဒါန်းသူ ၉၅ ဦး၊ ကိုယ်တွင်း အင်္ဂါလှူဒါန်းသူ ၈၀ ဦး ရှိခဲ့ကာ ကိုယ်တွင်းအင်္ဂါ လှူဒါန်းလိုသူများကို အသက် ၄၀ အောက်ရှိသူများကိုသာ လက်ခံ ဆောင်ရွက်ပေးခဲ့သည်ဟု သိရသည်။
.
“တောင်ကြီးမြို့မှာ ကျင်းပခဲ့တဲ့ ပွဲတိုင်းက အောင်မြင်ပါတယ်။ တကယ်လည်း ကြည်နူးရပါတယ်။ ပထမပိုင်း မှာ အခက်အခဲလေးတွေ ရှိခဲ့ပေမဲ့ အခက်အခဲလေးတွေကို ကျော်လွှားပြီးတော့ လှူချင်တဲ့သူတွေရဲ့ ဆန္ဒကိုလည်း ဖြည့် ဆည်းပေးပြီး စူဠာမုနိဘုရားရင်ပြင်ပေါ်မှာ ရေစက်ချခွင့် ရခဲ့တဲ့အတွက် ဂေါပကတွေကိုလည်း အရမ်းကို ကျေးဇူးတင် ပါတယ်” ဟု တန်ဖိုးရှိသောလူသားများအသင်းချုပ် ဥက္ကဋ္ဌ ဦးဇေသူကိုကိုက ကမ္ဘောဇတိုင်းသို့ ပြောသည်။
.
တန်ဖိုးရှိသော လူသားများအသင်းချုပ် အဖြင့် တောင်ကြီးမြို့တွင် ပြီးခဲ့သည့် ၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလ ၂၁ ရက် ကလည်း မျက်ကြည်လွှာနှင့် ကိုယ်တွင်းအင်္ဂါအစိတ်အပိုင်း စုပေါင်းလှူဒါန်းရေစက်ချပွဲကို ပြုလုပ်ခဲ့ပြီး ယင်း ပထမ အကြိမ် စုပေါင်းလှူဒါန်းပွဲတွင် မျက်ကြည်လွှာလှူဒါန်းသူ ၁၀၈ ဦးနှင့် ကိုယ်တွင်းအင်္ဂါလှူဒါန်းသူ ၄၀ ဦး ရှိခဲ့သည်ဟု သိရသည်။
.
ခန္ဓာကိုယ်နှင့် ကိုယ်တွင်းအင်္ဂါအစိတ်အပိုင်းများဖြစ်သော မျက်ကြည်လွာ၊ ခန္ဓာကိုယ်နှင့် ကိုယ်တွင်းအင်္ဂါ အစိတ်အပိုင်းများဖြစ်သည့် အသည်း၊ နှလုံး၊ ကျောက်ကပ်၊ အဆုတ် စသည်တို့ကို လှူဒါန်းနိုင်ပြီး လှူဒါန်းလိုပါက လိုင်စင်ဓါတ်ပုံ ၄ ပုံနှင့် မှတ်ပုံတင်မိတ္တူ တစ်စောင်၊ အသိသက်သေတစ်ဦး တို့နှင့်အတူ လာရောက်လှူဒါန်းနိုင်ကြောင်း သိရသည်။
.
“ကျွန်တော်တို့ လှူဒါန်းမှုတွေဟာ သေဆုံးချိန်မှာ လှူဒါန်းရတာဖြစ်တဲ့အတွက် ရေစက်ချခွင့်မရတဲ့အတွက် စုပေါင်းလှူဒါန်းပွဲနဲ့ ရေစက်ချပွဲတွေကို လုပ်ပေးတာဖြစ်ပါတယ်” ဟု ဦးဇေသူကိုကိုက ဆက်လက်ပြောဆိုခဲ့သည်။
.
တန်ဖိုးရှိသော လူသားများအသင်းချုပ်သည် မြန်မာနိုင်ငံတစ်ဝှမ်းတွင် ခန္ဓာကိုယ်နှင့် ကိုယ်တွင်းအင်္ဂါအစိတ် အပိုင်းများ လှူဒါန်းနိုင်ရေးအတွက် စည်းရုံးအလှူခံပြီး သက်ဆိုင်ရာ ဆေးတက္ကသိုလ်များနှင့် ချိတ်ဆက်ဆောင်ရွက် နေသည့် အဖွဲ့အစည်းတစ်ခုဖြစ်ပြီး ရန်ကုန်ဆေးတက္ကသိုလ်တွင် ၄ ကြိမ်၊ မန္တလေးဆေးတက္ကသိုလ်တွင် ၁ ကြိမ်၊ မကွေး ဆေးတက္ကသိုလ်တွင် ၁ ကြိမ်၊ တောင်ကြီး ဆေးတက္ကသိုလ်တွင် ယခုတစ်ကြိမ် အပါအဝင် ၂ ကြိမ် လှူဒါန်းနိုင်ခဲ့ပြီးဖြစ် ကြောင်း သိရသည်။
.

Journal Download

Photo of three cats