ရှမ်းတောင်နှင့် ရှမ်းရှေ့ရှိ တိုင်းရင်းသားမျိုးနွယ်စုများအား တိုင်းရင်းသားအခွင့်အရေးဆိုင်ရာများ ဟောပြော - Kanbawza Tai News

Breaking

Boxed(True/False)

Tuesday, March 10, 2020

ရှမ်းတောင်နှင့် ရှမ်းရှေ့ရှိ တိုင်းရင်းသားမျိုးနွယ်စုများအား တိုင်းရင်းသားအခွင့်အရေးဆိုင်ရာများ ဟောပြော


ကမ္ဘောဇတိုင်း
.
ရှမ်းပြည်နယ်တောင်ပိုင်းနှင့် ရှမ်းပြည်နယ်အရှေ့ပိုင်းဒေသရှိ တိုင်းရင်းသားမျိုးနွယ်စုများအား မတ်လ ၉ ရက်က တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီးဌာန၊ တိုင်းရင်းသားအခွင့်အရေးများ ကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန၊ ရှမ်းပြည်နယ်ညွှန်ကြားရေးမှူးရုံး၊ အစည်းအဝေးခန်းမတွင် တိုင်းရင်းသားအခွင့်အရေးဆိုင်ရာ များအား ဟောပြောခဲ့ပြီး ရပ်ရွာအခြေပြု အသက်မွေးဝမ်းကျောင်းပညာ လိုအပ်ချက် ဆန်းစစ်စီမံခြင်းအစီအစဉ်ကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
.
 
.
အခမ်းအနားတွင် ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် ကချင်တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ဦးဇုတ်ဒေါင်က အဖွင့်အမှာ စကား ပြောကြားခဲ့ပြီး တိုင်းရင်းသားအခွင့်အရေးများ ကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန၊ ရှမ်းပြည်နယ်ညွှန်ကြား ရေးမှူးရုံး၊ ပြည်နယ်တာဝန်ခံ ဒုတိယညွှန်ကြားရေးမှူး ဒေါ်နန်းလောဝ်ဟွမ်က ဝန်ကြီဂဌဦနအကြောင်းနှင့် လုပ်ငန်း ဆောင်ရွက်ချက်များအား ရှင်းလင်းပြောကြားခဲ့သည်။
.
ထို့နောက် တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုဦဂစီးဌာနမှ ပြည်နယ်တာဝန်ခံ ဦးစိုင်းဖုန်းကျော်က ရှမ်းပြည်နယ် အရှေ့ပိုင်းမှ တိုင်းရင်းသားမျိုးနွယ်စုများ၏ နေပြည်တော်၊ ရန်ကုန် လေ့လာရေးခရီးစဉ်အား ရှင်းလင်းကာ ထိုခရီးစဉ် တွင် လိုက်ပါခဲ့သည့် မျိုးနွယ်စု ၁၅ စုနှင့် မိတ်ဆက်ပေးခဲ့သည်။
.
ဆက်လက်၍ ဦးစီးအရာရှိ ဒေါ်သဲသဲမာက တိုင်းရင်းသားလူမျိုးများ၏ အခွင့်အရေးကာကွယ်စောင့်ရှောက်သည့် ဥပဒေပါ တိုင်းရင်းသားလူမျိုးများ၏အခွင့်အရေး နှင့် ရပိုင်ခွင့်များ၊ ဝန်ကြီးဌာန၏ တာဝန်နှင့်လုပ်ပိုင်ခွင့်များ၊ တားမြစ်ချက်များ၊ ပြစ်ဒဏ်များနှင့် နည်းဥပဒေများ ပါအချက်များ ရှင်းလင်းပြောကြားခြင်း၊ ဦးစီးအရာရှိ ဦးနေထွန်းဦး က ကမ္ဘာ့လူ့အခွင့်အရေးကြေညာစာတမ်းပါ လူ့အခွင့်အရေးများ၊ လူမှုဝန်ထမ်းဦးစီးဌာနမှ ဆောင်ရွက်နေသော မသန်စွမ်းအခွင့်အရေး၊ “ကလေးသူငယ် အခွင့်အရေးများဆိုင်ရာဥပဒေ” နှင့် “မြန်မာ့ရှေးဦးအရွယ် ကလေးသူငယ် ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေး ဆိုင်ရာမူဝါဒ” တို့တွင်ပါဝင်သော ကလေးသူငယ်အခွင့်အရေး၊ လူငယ်ရေးရာမူဝါဒပါ တိုင်းရင်းသားများ ၏အခွင့်အရေးများ နှင့် လူမှုကာကွယ်စောင့်ရှောက်ရေးလုပ်ငန်းများအား ရှင်လင်းပြောကြားခြင်း တို့ကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
.
ထို့နောက် အခမ်းအနားဒုတိယပိုင်းတွင် တက်ရောက်လာသူများက တိုင်းရင်းသားဒေသများ၏ ရပ်ရွာအခြေပြု အသက်မွေးဝမ်းကျောင်းပညာ လိုအပ်မှုဆန်းစစ်ချက် စစ်တမ်းမေးခွန်းလွှာအား ဖြေဆိုခဲ့ကြပြီး တိုင်းရင်းသား အခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာနမှ တာဝန်ရှိသူများက တက်ရောက်လာသူများအား အသက်မွေးဝမ်းကျောင်းလုပ်ငန်းအပေါ် အသက်မွေးဝမ်းကျောင်းသင်တန်းများ၏ အကျိုးသက်ရောက်မှု နှင့်စပ်လျဉ်း၍ တွေ့ဆုံမေးမြန်းခဲ့ကြောင်း သိရသည်။
.
အဆိုပါ အခမ်းအနားသို့ ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် ကချင်တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ဦးဇုတ်ဒေါင်၊ တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန မှ ဝန်ထမ်းများ၊ တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုဦးစီးဌာနမှ ဝန်ထမ်းများ၊ ရှမ်းပြည်နယ်အရှေ့ပိုင်းမှ တိုင်းနေ၊ တိုင်းလိ (လိရှမ်း)၊ တိုင်းလုံ (ရှမ်းကြီး)၊ တိုင်းလွယ်၊ ဗမာ၊ လားဟူ၊ ကွီ၊ အဲန်၊ ‘ဝ’၊ အားခေ၊ အာခါအဖွဲ့ဟောင်း၊  အာခါအဖွဲ့သစ်၊ လီဆူ၊ ပလောင်၊ ဂုံရှမ်းနှင့် ရှမ်းပြည်နယ်တောင်ပိုင်းမှ ပအိုဝ်း နှင့် ကချင်  တိုင်းရင်းသား/တိုင်းရင်းသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။
.

No comments:

Post a Comment

Journal Download

Photo of three cats

Fixed Sidebar (true/false)