ကမ္ဘောဇတိုင်း
.
ကမ္ဘာတစ်ဝှမ်းတွင်
ဖြစ်ပွားနေသော လတ်တလောအသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါ COVID-19 ကြောင့် ဈေးများ ပိတ်သိမ်းမည်ကို
စိုးရိမ်သဖြင့် တောင်ကြီးမြို့မဈေးအတွင်း စားသောက်ကုန် ဝယ်ယူသူ များပြားလျက်ရှိကြောင်း
သိရသည်။
.
.
“ဟုတ်သော်ရှိ၊ မဟုတ်သော်ရှိပေါ့
တကယ်လို့ ဈေးတွေ ပိတ်ခဲ့ရင် စားသောက်ကုန်က ခက်လိမ့်မယ်။ ဒါကြောင့် ဆန်နဲ့ တခြား ရိက္ခာ
အခြောက်လေးတွေ ကြိုဝယ်ထားတာပါ” ဟု တောင်ကြီးမြို့မဈေးအတွင်း ဈေးဝယ်လာသူတစ်ဦးက ပြောသည်။
ထို့အတူ အကာအကွယ် နှာခေါင်းစည်းများလည်း
ဝယ်ယူသူ များပြားသဖြင့် ဆေးဆိုင်များမှ အကန့်အသတ်ဖြင့် ရောင်းချပေးနေ ကြကြောင်း သိရသည်။
.
အဆိုပါ ရောဂါဂယက်ကြောင့်
လတ်တလော ဖြေဆိုလျက်ရှိသည့် တက္ကသိုလ်အသီးသီး၏ နှစ်ဝက်စာမေးပွဲများကို လည်း ယနေ့ မတ်လ
၂၄ ရက်မှ စတင်၍ ရက် အကန့်အသတ်မရှိ ရွှေ့ဆိုင်းလိုက်ကြောင်း တက္ကသိုလ်များမှ ကြေညာထားသည်။
.
“တက္ကသိုလ် ကျောင်းတွေလည်းပိတ်တော့
ဂယက်က ပိုကြီးသွားတာပေါ့။ ကားငှားသမားလည်း တစ်ယောက်မှ မရှိတော့ဘူး။ ဒီနေ့ဆိုရင် မနက်မိုးလင်းကတည်းက
ခုထိ ဈေးဦးမပေါက်သေးဘူး။ တချို့ကလည်း တက္ကစီ စီးရမှာ ကို ကြောက်နေကြတယ် ထင်ပါတယ်” ဟု
တောင်ကြီးမြို့၊ ဝါးပြားလမ်းဆုံးဂိတ်မှ အငှားယာဉ်မောင်းတစ်ဦးက ကမ္ဘောဇတိုင်းသို့ ပြောသည်။
.
တောင်ကြီးမြို့မဈေးအပြင်
မြို့ပေါ်ရပ်ကွက်များအတွင်းရှိ ကုန်စုံဆိုင်များ၌လည်း ဈေးဝယ်သူများပြားနေပြီး ဈေးဆိုင်
အချို့မှ ယနေ့ မတ်လ ၂၄ ရက်၊ နံနက်ပိုင်းမှစ၍ ပိတ်ထားကြကြောင်း သိရသည်။
.
မြန်မာနိုင်ငံတစ်ဝှမ်းတွင်
မတ်လ ၂၃ ရက်၊ ညပိုင်းအထိ COVID-19 ရောဂါ အတည်ပြုလူနာ ၂ ဦး တွေ့ရှိထားပြီး ၎င်းတို့မှာ ရန်ကုန်မြို့၊
ဝေဘာဂီအထူးကုဆေးရုံမှ အသက် ၂၆ နှစ်အရွယ် အမျိုးသားနှင့် ချင်းပြည်နယ်၊ တီးတိန်
ပြည်သူ့ဆေးရုံမှ အသက် ၃၆ နှစ်အရွယ် အမျိုးသားတို့ ဖြစ်ကြောင်း သိရသည်။
.
ယနေ့ မတ်လ ၂၄ ရက်၊
နေ့လယ်ပိုင်းအထိ ကမ္ဘာ့နိုင်ငံပေါင်း ၁၉၆ နိုင်ငံတွင် COVID-19 ရောဂါ အတည်ပြုဖြစ်ပွားသူ ၃၇၉၁၀၈ဦး၊
သေဆုံးသူ ၁၆၅၂၄ ဦးနှင့် ပြန်လည်သက်သာလာသူ ၁၀၂၄၂၃ ဦးရှိပြီဖြစ်ကြောင်း သိရသည်။
.