ကမ္ဘောဇတိုင်း
.
ရှမ်းပြည်နယ်မြို့တော်၊
တောင်ကြီးမြို့ရှိ စဝ်စံထွန်းဆေးရုံတွင် စောင့်ကြည့်လျက်ရှိသော အိန္ဒိယနိုင်ငံမှ ပြန်လာသည့်
သံဃာတော်၌ COVID-19 လတ်တလောအသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါပိုး
တွေ့ရှိခြင်းမရှိကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်ကြေညာခဲ့သည်ဟု
သိရသည်။
.
.
တောင်ကြီးမြို့၊
မင်္ဂလာဦးရပ်ကွက်၊ မြို့ဦးကျောင်းတိုက်တွင် သီတင်းသုံးနေထိုင်သော အသက် ၃၆
နှစ်အရွယ်ရှိ ဆရာတော်တစ်ပါးသည် အိန္ဒိယနိုင်ငံ၊ ဗုဒ္ဓဂါယာမှ
ပြန်လည်ရောက်ရှိလာပြီးနောက် ကိုယ်လက်ကိုက်ခဲခြင်း၊ ချောင်းဆိုး ခြင်းတို့
ခံစားရသဖြင့် စဝ်စံထွန်းဆေးရုံသို့ သွားရောက်၍ COVID-19 အသက်ရှူလမ်းကြောင်းဆိုင်ရာ ကူးစက်မြန် ရောဂါ
အခြေအနေရှိ/မရှိ စစ်ဆေးမှုများခံယူခဲ့ရာ ဆေးရုံမှ အထူးကုသမားတော်ကြီးနှင့်
ကျန်းမာရေး ဝန်ထမ်းများက ကျန်းမာရေးစစ်ဆေးမှုများ ပြုလုပ်ပြီးနောက် မတ်လ ၂၁ ရက်၊
နေ့လယ်ပိုင်းတွင် ဆေးရုံရှိ သီးသန့်ဆောင်၌ ထားရှိကာ ဓါတ်ခွဲ နမူနာများ ရယူ၍
ရန်ကုန်မြို့ရှိ ကျန်းမာရေးဓါတ်ခွဲဌာနသို့ COVID-19 ရောဂါအခြေအနေ ရှိ/မရှိ ဓါတ်ခွဲစမ်းသပ် နိုင်ရန် ပို့ဆောင်ခဲ့ခြင်းဖြစ်ကြောင်း
သိရသည်။
ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏
မတ်လ ၂၂ ရက် သတင်းထုတ်ပြန်ချက် အရ အဆိုပါ သံဃာတော် အပါအဝင် ရှမ်းပြည်နယ်တောင်ပိုင်း၊
မိုင်းနောင်ပြည်သူ့ဆေးရုံမှ အသက် ၄၁ နှစ်အရွယ် အမျိုးသမီး တစ်ဦးနှင့် အခြား ၈ ဦးတို့တွင်
COVID-19 ရောဂါပိုး မတွေ့ရှိကြောင်း
သိရသည်။
.
မြန်မာနိုင်ငံတစ်ဝှမ်းတွင်
မတ်လ ၂၃ ရက်၊ ညပိုင်းအထိ COVID-19 ရောဂါ အတည်ပြုလူနာ ၂ ဦး တွေ့ရှိထားပြီး ၎င်းတို့မှာ ရန်ကုန်မြို့၊ ဝေဘာဂီအထူးကုဆေးရုံမှ
အသက် ၂၆ နှစ်အရွယ် အမျိုးသားနှင့် ချင်းပြည်နယ်၊ တီးတိန် ပြည်သူ့ဆေးရုံမှ အသက် ၃၆ နှစ်အရွယ်
အမျိုးသားတို့ ဖြစ်ကြောင်း သိရသည်။
.