တောင်ကြီးမြို့၊ စဝ်စံထွန်းဆေးရုံတွင် သံဃာတစ်ပါးနှင့် အမျိုးသားတစ်ဦးတို့အား COVID-19 နှင့် ပတ်သက်၍ စောင့်ကြည့်နေ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

တောင်ကြီးမြို့၊ စဝ်စံထွန်းဆေးရုံတွင် သံဃာတစ်ပါးနှင့် အမျိုးသားတစ်ဦးတို့အား COVID-19 နှင့် ပတ်သက်၍ စောင့်ကြည့်နေ


ကမ္ဘောဇတိုင်း
.
ရှမ်းပြည်နယ်မြို့တော်၊ တောင်ကြီးမြို့ရှိ စဝ်စံထွန်းဆေးရုံတွင် အိန္ဒိယနိုင်ငံမှ ပြန်လည်ရောက်ရှိလာသည့် သံဃာ တစ်ပါးနှင့် မလေးရှားနိုင်ငံမှ ပြန်လည်ရောက်ရှိလာသည့် အမျိုးသားတစ်ဦးတို့ကို COVID-19 အသက်ရှူလမ်းကြောင်း ဆိုင်ရာ ကူးစက်ရောဂါ နှင့်ပတ်သက်၍ ယနေ့ မတ်လ ၂၁ ရက်တွင် စောင့်ကြပ်ကြည့်ရှု ဆေးဝါးကုသပေးလျက်ရှိ ကြောင်း သိရသည်။
.
.
“စောင့်ကြည့်လူနာ ၂ ယောက်ရှိပါတယ်။ ၃၆ နှစ်အရွယ် ဥူးပဇ္ဇင်းတစ်ပါးနဲ့ အသက် ၂၂ နှစ်အရွယ် အမျိုးသားတစ်ဦးပါ။ သူတို့ နမူနာတွေကို ဒီနေ့ပဲ ရန်ကုန်ကို ပို့လိုက်ပါပြီ” ဟု ရှမ်းပြည်နယ် ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှ ဒေါက်တာနှင်းအိဖြူက ကမ္ဘောဇတိုင်းသို့ အတည်ပြု ပြောကြားခဲ့သည်။
.
တောင်ကြီးမြို့၊ မင်္ဂလာဦးရပ်ကွက်၊ မြို့ဦးကျောင်းတိုက်တွင် သီတင်းသုံးနေထိုင်သော အသက် ၃၆ နှစ်အရွယ်ရှိ ဆရာတော်တစ်ပါးသည် အိန္ဒိယနိုင်ငံ၊ ဗုဒ္ဓဂါယာမှ ပြန်လည်ရောက်ရှိလာပြီးနောက် ကိုယ်လက်ကိုက်ခဲခြင်း၊ ချောင်းဆိုး ခြင်းတို့ ခံစားရသဖြင့် လည်းကောင်း၊ တောင်ကြီးမြို့၊ ကျောင်းကြီးစုရပ်ကွက်နေ အသက် ၂၂ နှစ်အရွယ် အမျိုးသား တစ်ဦးသည် မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူမြို့မှ ပြန်လည်ရောက်ရှိလာပြီးနောက် ချောင်းဆိုး၊ နှာစေး၊ ခေါင်းကိုက် နေသဖြင့်လည်းကောင်း တောင်ကြီးမြို့၊ စဝ်စံထွန်းဆေးရုံသို့ သွားရောက်၍ COVID-19 အသက်ရှူလမ်းကြောင်းဆိုင်ရာ ကူးစက်မြန်ရောဂါ အခြေအနေရှိ/မရှိ စစ်ဆေးမှုများခံယူခဲ့ရာ ဆေးရုံမှ အထူးကုသမားတော်ကြီးနှင့် ကျန်းမာရေး ဝန်ထမ်းများက ကျန်းမာရေးစစ်ဆေးမှုများ ပြုလုပ်ပြီးနောက် ယနေ့ မတ်လ ၂၁ ရက်၊ နေ့လယ်ပိုင်းတွင် ဆေးရုံရှိ သီးသန့်ဆောင်၌ ထားရှိကာ ဓါတ်ခွဲ နမူနာများ ရယူ၍ ရန်ကုန်မြို့ရှိ ကျန်းမာရေးဓါတ်ခွဲဌာနသို့ COVID-19 ရောဂါအခြေအနေ ရှိ/မရှိ ဓါတ်ခွဲစမ်းသပ် နိုင်ရန် ပေးပို့သွားမည်ဖြစ်ကြောင်း သိရသည်။
.
“တစ်ယောက်ကတော့ စောင့်ကြည့်လူနာပါ။ တစ်ယောက်ကတော့ ဆေးရုံမှာ သီးခြားခွဲထားတဲ့ လူနာပါ။ ဓါတ်ခွဲနမူနာ ကတော့ ၂ ယောက်လုံးကို ပို့ပါတယ်” ဟု ဒေါက်တာနှင်းအိဖြူက ဆက်လက်ပြောဆိုခဲ့သည်။
.
ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ယနေ့ည ၈ နာရီအချိန် ထုတ်ပြန်ချက် စာရင်းတွင် တောင်ကြီးမြို့၊ စဝ်စံထွန်း ဆေးရုံမှ အသက် ၃၆ နှစ်အရွယ် စောင့်ကြည့်လူနာ အမျိုးသားကိုသာ တွေ့ရှိထားကြောင်း ဖော်ပြပါရှိသည်။
.

Journal Download

Photo of three cats