ထက်တိုင်းကျော်
.
ရှမ်းပြည်နယ်အရှေ့ပိုင်း၊
တာချီလိတ်မြို့နှင့် ထိုင်းနိုင်ငံ၊ မယ်ဆိုင်မြို့တို့ကို ဆက်သွယ်ထားသည့် မြန်မာ-ထိုင်း
အမှတ် (၁) ချစ်ကြည်ရေးတံတားကို လာမည့် မတ်လ
၂၃ ရက်၊ တနင်္လာနေ့မှ စတင်၍ ထိုင်းနိုင်ငံဘက်မှ စတင်ပိတ်ပင် သွားမည် ဖြစ်ကြောင်း သိရသည်။
.
.
မြန်မာနိုင်ငံနှင့်
ထိုင်းနိုင်ငံတို့ကို ဆက်သွယ်ထားသည့် တာချီလိတ်ရှိ အမှတ် (၂) ချစ်ကြည်ရေးတံတားကို ထိုင်းနိုင်ငံ
ဘက်က မတ်လ ၂၁ ရက်မှ စတင်၍ ပိတ်ပင်ထားခဲ့ပြီးဖြစ်ကြောင်း သိရသည်။
“ထိုင်းဘက်ကနေ တရားဝင်
စာနဲ့အကြောင်းကြားပေးတာတော့ မရှိသေးပါဘူး။ စကားပြောညှိနှိုင်း အသိပေးတာပဲ ရှိပါ တယ်။
သူတို့ဘက်ကနေ ပိတ်လိုက်တဲ့သဘောပေါ့။ ဒါကြောင့် ထိုင်းနိုင်ငံဘက်ကို ရောက်နေကြတဲ့ မြန်မာနိုင်ငံသား
တွေအတွက် ကြိုတင်သိရှိ ပြင်ဆင်နိုင်အောင်လို့ တာချီလိတ်ခရိုင်စီမံခန့်ခွဲမှုကော်မတီအနေနဲ့
မတ်လ ၂၁ ရက်မှာ အသိပေးစာ ထုတ်ပြန်ကြေညာထားပါတယ်” ဟု တာချီလိတ်ခရိုင်စီမံခန့်ခွဲမှုကော်မတီ
ဥက္ကဋ္ဌ၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးမြင့်နိုင်က ကမ္ဘောဇတိုင်းသို့ ပြောသည်။
.
ယင်းကဲ့သို့ ချစ်ကြည်ရေးတံတား
ပိတ်ပင်မှုနှင့် ပတ်သက်၍ တာချီလိတ်ဒေသခံ စီးပွားရေးလုပ်ငန်းရှင်တစ်ဦးက “ဟိုဘက် ဒီဘက်ကို
တရားဝင်ကူးလို့ မရတော့ဘူးဆိုရင် အရောင်အဝယ်လုပ်ငန်းတွေနဲ့ ထိုင်းဘက်ကို သွားလုပ်နေ
ကြတဲ့ နေ့ချင်းပြန် နေ့စားအလုပ်သမားတွေအတွက် အခက်အခဲဖြစ်သွားမယ်။ Taxi သမားတွေကစပြီး အလုပ်တွေ ခက်ခဲသွားနိုင်ပါတယ်”
ဟု ၎င်း၏အမြင်ကို ပြောဆိုခဲ့သည်။
.
တာချီလိတ်မြို့နှင့်
မယ်ဆိုင်မြို့တို့ကို ဆက်သွယ်ထားသည့် အမှတ် (၁) နှင့် အမှတ် (၂) ချစ်ကြည်ရေးတံတားများကို
ယခုကဲ့သို့ ထိုင်းနိုင်ငံဘက်မှ ပိတ်လိုက်ခြင်းမှာ COVID-19 ရောဂါ ကူးစက်ပျံ့နှံ့မှုအား ထိန်းချုပ်ကာကွယ်သည့် အနေဖြင့်
ပိတ်ပင်လိုက်ခြင်းဖြစ်ပြီး မြန်မာနိုင်ငံတွင် COVID-19 ရောဂါပိုး
ကူးစက်ခံရသူ မတွေ့ရှိရသေးကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ကြေညာထားသည်။
.