ရှမ်းတောင်တွင် COVID-19 သံသယဖြင့် ဆေးရုံတက်ရောက်နေသူ ၁၆ ဦးရှိ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

ရှမ်းတောင်တွင် COVID-19 သံသယဖြင့် ဆေးရုံတက်ရောက်နေသူ ၁၆ ဦးရှိ


ကမ္ဘောဇတိုင်း
.
ရှမ်းပြည်နယ်တောင်ပိုင်းတွင် ယနေ့ မတ်လ ၃၁ ရက်အထိ COVID-19 ကူးစက်ရောဂါ သံသယဖြင့် ဆေးရုံတက်ရောက်နေရသူ ၁၆ ဦးရှိပြီး ၂ ဦး၏ ဓါတ်ခွဲအဖြေများကို စောင့်ဆိုင်းနေဆဲဖြစ်ကြောင်း ရှမ်းပြည်နယ် ကုသရေးနှင့် ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှ ဒေါက်တာနှင်းအိဖြူထံက သိရသည်။
.
 
.
အဆိုပါ လူနာ ၁၆ ဦးမှာ တောင်ကြီးမြို့ စဝ်စံထွန်းဆေးရုံမှ ၂ ဦး၊ အမျိုးသမီးနှင့် ကလေးဆေးရုံမှ ၂ ဦး၊ ကျေးသီးမှ ၄ ဦး၊ ပင်လုံမှ ၃ ဦး၊ တီကျစ်မှ ၁ ဦး၊ ပင်လောင်းမှ ၂ ဦး၊ ပင်းတယမှ ၁ ဦး၊ မိုင်းရှူးမှ ၁ ဦးတို့ဖြစ်ကြောင်း သိရသည်။
.
“ပင်းတယ တစ်ဦးကတော့ Case-8 က လူနာနဲ့ ထိတွေ့မှုရှိခဲ့တဲ့ တိုးဂိုက်ဖြစ်ပါတယ်။ သူ့ရဲ့အဖြေကတော့ ပိုးမတွေ့ ထွက်ထားပါတယ်။ လတ်တလော အဖြေစောင့်နေတာကတော့ တောင်ကြီး စဝ်စံထွန်းဆေးရုံက တစ်ဦးနဲ့ မိုင်းရှူးက တစ်ဦး ရှိပါတယ်” ဟု ဒေါက်တာနှင်းအိဖြူက ပြောသည်။
.
ထို့အပြင် ကျောက်မဲမြို့တွင် တွေ့ရှိခဲ့သော COVID-19 အတည်ပြုလူနာနှင့် ဘန်ကောက်မြို့မှ မော်တော်ယာဉ် အတူ စီးနင်းလာခဲ့သည့် တောင်ကြီးမြို့နယ်၊ ကွန်လုံကျေးရွာမှ ၃ ဦးကိုလည်း ကုသရေးနှင့် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ လိုအပ်သည့် ကျန်းမာရေးစောင့်ရှောက်မှုများကို ဆောင်ရွက်ပေးထားကြောင်း သိရသည်။
.
“ကျောက်မဲက လူနာအခြေအနေကတော့ ကောင်းနေပါတယ်။ လူနာကို လားရှိုးကိုပို့ဖို့ စီစဉ်ဆောင်ရွက်ထားပါတယ်” ဟု ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် ပြည်နယ်လူမှုရေးဝန်ကြီး ဒေါက်တာမျိုးထွန်းကလည်း ပြောဆိုခဲ့သည်။
.
မြန်မာနိုင်ငံတွင် မတ်လ ၃၀ ရက်၊ ညပိုင်းအထိ COVID-19 အတည်ပြုလူနာ ၁၄ ဦး တွေ့ရှိထားပြီး အဆိုပါ ပိုးတွေ့လူနာများနှင့် ထိတွေ့ဆက်ဆံခဲ့ သူများ အားလုံးကို စုံစမ်းဖော်ထုတ်၍ အသွားအလာ ကန့်သတ်ကာ စောင့်ကြပ်ကြည့်ရှုသွားမည်ဖြစ်ကြောင်းနှင့် အဆိုပါ ဓါတ်ခွဲအတည်ပြု လူနာများနှင့် အနီးကပ်ထိတွေ့ခဲ့သူများ အနေဖြင့် နီးစပ်ရာ ကျန်းမာရေးဌာနများသို့ ဆက်သွယ်အကြောင်းကြားစေလိုကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက တိုက်တွန်းထားသည်။
.

Journal Download

Photo of three cats